News

POST TYPE

NEWS

သွားလာရေးခက်ခဲသော ကျောင်းသားများကို စက်ဘီးလှူဒါန်း
17-Oct-2019


ချောက်၊ အောက်တိုဘာ ၁၇

ချောက်မြို့နယ် ကျေးရွာ ၁၇ ရွာမှ အခြေခံပညာကျောင်း ၉ ကျောင်းတွင် ပညာသင်ကြားနေသော သွားလာရေးခက်ခဲသော ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးကို စက်ဘီး ၁၅၀ စီးပေးအပ် လှူဒါန်းခဲ့ကြောင်း ယင်းမြို့ World Vision တာဝန်ခံမန်နေဂျာ ဒေါ်ခိုင်ခိုင်ထွန်းက ပြောကြားသည်။



“ကျောင်းက တစ်မိုင်ခွဲနီးနီးကို လမ်းလျောက်သွားနေရတဲ့ ကလေးတွေ၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ၁၅၀ ဦးကို ကိုမိုက်သန်းထွန်းဝင်း အဖွဲ့ Lesswalk.Org က ပေးလှူတာကို ကျွန်မတို့ ဝေါလ်ဗီရှင်းက ပူးပေါင်းပြီး ဂိုထောင်အထိ သွားရောက်ယူပြီး ရွာအရောက် ပေးအပ်လှူဒါန်းပေးပါတယ်” ဒေါ်ခိုင်ခိုင်ထွန်းက ပြောကြားသည်။

Lesswalk.Org နှင့် World Vision Myanmar တို့ ပူးပေါင်းဆောင်ရွက်သော ချောက်မြို့နယ် ဒေသဖွံ့ဖြိုးရေးအစီအစဉ် စက်ဘီးထောက်ပံ့ရွေးချယ်မှုတွင် ကျောင်းသား၊ ကျောင်းသူများသည် အလယ်တန်းနှင့် အထက်တန်းတတို့တွင် လက်ရှိကျောင်းသို့ ခြေလျင်သွားရောက်တက်ရောက်နေရသူ၊ ကျောင်းနှင့်အိမ်အနည်းဆုံး နှစ်ကီလိုမီတာ တစ်မိုင်ခွဲဝေးသူ၊ အိမ်တွင် ဆိုင်ကယ်၊ ကားအစရှိသည့် သွားလာရေးယာဉ်မရှိသူ၊ မိဘမဲ့ သို့မဟုတ် မိဘမစုံသူတို့ကို ရွေးချယ်ပေးခြင်းဖြစ်သည်။



နရွဲတောကျေးရွာ ၁၉ စီး၊ ညောင်ဇင်ကျေးရွာ ၄ စီး၊ ဩဇာတောကျေးရွာ ၈ စီး၊ သစ်တိုကန်ကျေးရွာ ၇ စီး၊ ဂွေးပင်ကြီးကျေးရွာ ၃၀ စီး၊ တောင်သာကျေးရွာ ၂၁ စီး၊ ဆူးတောကျေးရွာ ၈ စီး၊ ချောင်းတက်ကျေးရွာ ၁၇ စီး၊ တွင်းလတ်ကျေးရွာ ၃၆ စီး စုစုပေါင်း စက်ဘီး ၁၅၀ စီးကို ယင်းကျေးရွာ အထက်တန်းကျောင်းများတွင် ကျောင်းသူ ကျောင်းသားများထံ သွားရောက်လှူဒါန်းခဲ့ခြင်းသည်။

စက်ဘီးလှူဒါန်းမှုတွင် ယင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဝေါလ်ဗီးရှင် မြန်မာတို့က သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

နေနိုင်




  • VIA