News

POST TYPE

NEWS

အာရှတစ်လွှား ဝက်အပြင်းဖျားရောဂါပျံ့နှံ့မှု မြောက်ကိုရီးယား၏ ကာကွယ်မှုအားနည်းခြင်းကြောင့်ဟုဆို
17-Oct-2019



ဆိုးလ်၊ အောက်တိုဘာ ၁၆

မြောက်ကိုရီးယားတွင် ဝက်အပြင်းဖျားရောဂါ ဆိုးဆိုးရွားရွားဖြစ်ပွားနေပြီး ယင်းမှတစ်ဆင့် အာရှတစ်လွှားသို့ ကူးစက်ပျံ့နှံ့လျက်ရှိကြောင်း AP သတင်း တစ်ရပ်အရ သိရသည်။

တောင်ကိုရီးယားအာဏာပိုင်များသည် မြောက်ကိုရီးယားဘက်မှ တောဝက်များ ၎င်းတို့နိုင်ငံအတွင်း ဝင်လာပြီး ဝက်အပြင်းဖျားရောဂါ ကူးစက်ပျံ့နှံ့ခြင်းကို ရပ်တန့်နိုင်ရန်အတွက် မြောက်ကိုရီးယားနှင့်နယ်စပ်တစ်လျှောက်တွင် စနိုက်ပါသမားများ၊ ဒရုန်းများနှင့် ထောင်ချောက်များ ချထားရသည်။

လူများကို အသက်အန္တရာယ်မဖြစ်စေဘဲ ဝက်များကိုသာ သေစေနိုင်သည့် အာဖရိက ဝက်အပြင်းဖျားရောဂါကြောင့် အာရှနိုင်ငံများတွင် ဝက်အများအပြားသေ ကျေပျက်စီးထားပြီးဖြစ်သည်။ 

ယင်းဝက်အပြင်းဖျားရောဂါသည် တောဝက်များမှတစ်ဆင့် အဓိကကူးစက်ခြင်းဖြစ်သည်ဟု ယူဆရပြီး ရောဂါကူးစက်မှုကို တားဆီးကာကွယ်ရေး ပူးပေါင်းဆောင်ရွက်ရန် တောင်ကိုရီးယား၏ကမ်းလှမ်းမှုကို မြောက်ကိုရီးယားက ဥပေက္ခာပြုထားကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ပြောကြားသည်။

တောင်ကိုရီးယားတွင် ပြီးခဲ့သော တစ်လအတွင်းမှာပင် မြောက်ကိုရီးယားနှင့် နယ်စပ်အနီးရှိ မွေးမြူရေးခြံများမှ ဝက်အကောင်ရေ ၁၅၄,၅၀၀ ကို သုတ်သင်ပစ်ခဲ့ရသည်။ ဝက်အပြင်းဖျားရောဂါနှင့် ပတ်သက်ပြီး မြောက်ကိုရီးယားဘက်မှ တရားဝင်ထုတ်ပြန်မှု တစ်စုံတစ်ရာမရှိသော်လည်း မြောက်ကိုရီးယားခရိုင်တစ်ခုတွင် ဝက်အများအပြားကို အမြစ်ဖြတ် သတ်ဖြတ်ခဲ့ရကြောင်းနှင့် ယင်းဒေသတွင် ဝက်သားဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြောကြားသည်။

အိမ်နီးချင်းတရုတ်နိုင်ငံတွင် ဝက် အများအပြား သေဆုံးပြီးနောက်ပြီးခဲ့သော မေလထဲတွင် မြောက်ကိုရီးယားက ၎င်းတို့ နိုင်ငံ၌ ဝက်အပြင်းဖျားရောဂါ ကူးစက်မှုရှိကြောင်း ပထမဆုံးအကြိမ်ထုတ်ပြန်ခဲ့ပြီး ရောဂါကူးစက်ပျံ့နှံ့မှုကို တားဆီးနိုင်ရန် ကြပ်ကြပ်မတ်မတ် ဆောင်ရွက်လျက်ရှိသည် ဟုပြောကြားခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် ရောဂါကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်ပြီး သတင်းထပ်မံထုတ်ပြန်ထားခြင်း မရှိသေးချေ။

မြောက်ကိုရီးယားလေ့လာစောင့် ကြည့်ရေးအဖွဲ့များကမူ ဝက်အပြင်းဖျား ရောဂါသည် မြောက်ကိုရီးယားတွင် မေလ မတိုင်ခင်ကတည်းက ကူးစက်ပျံ့နှံ့နေခြင်းဖြစ်သည်ဟု ပြောကြားသည်။

မြောက်ကိုရီးယား၏ ဝက်အပြင်းဖျားရောဂါ ကူးစက်မှုတားဆီးကာကွယ်ရန် အားနည်းမှုများက တောင်ကိုရီးယား၏ ဝက်သားဈေးကွက်ကို ထိခိုက်စေနိုင်သော်လည်း ယင်း၏အကျိုးဆက်ကိုအစာ ရေစာရှားပါးမှုရှိနေသော မြောက်ကိုရီးယားက ပို၍ခံစားရဖွယ်ရှိနေသည်။

မြောက်ကိုရီးယားတွင် ဝက်အပြင်းဖျားရောဂါ ကူးစက်မှုမဖြစ်ခင်က နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကနှင့်ဖက်စပ် မွေးမြူရေးခြံများတွင် စုစုပေါင်းဝက်အကောင်ရေ ၂ ဒသမ ၆ သန်းခန့်ရှိကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ပြောကြားသည်။

မြောက်ကိုရီးယားလူဦးရေ ၂၅ သန်း၏ အသားစားသုံးမှု ၈၀ ရာခိုင်နှုန်းမှာ ဝက်သားအပေါ် မှီခိုရလျက်ရှိကြောင်း မြောက်ကိုရီးယားတွင် မွေးမြူရေးဆိုင်ရာ အရာရှိတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် တောင်ကိုရီးယားဘက်သို့ ထွက်ပြေးခိုလှုံခဲ့သော ချိုချိန်ဟွိုင်က ပြောကြားသည်။

မြောက်ကိုရီးယား အိမ်ထောင်စုများသည် တိုင်းပြည်၏ ဆန်ရာရှင်စနစ်လျော့ကျလာချိန်မှစပြီး ဆန်ဝယ်စားနိုင်ရန်အတွက် နှစ်စဉ် ဝက်တစ်ကောင် သို့မဟုတ် နှစ်ကောင်ခန့် မွေးမြူကြလေ့ရှိကာ ၁၀၀ ကီလိုဂရမ်ရှိသော ဝက်တစ်ကောင်ဖြင့် မိသားစုတစ်စု တစ်နှစ်လုံးစားရန် လုံလောက်သောဆန် ပမာဏကို ရရှိနိုင်ကြောင်း ၎င်း၏ပြော ကြားချက်အရသိရသည်။

F-05