News

POST TYPE

NEWS

ဆော်ဒီရေနံတွင်းတူးစင်များကို တိုက်ခိုက်ခဲ့သည့် အီရန်ကို အမေရိကန်တို့က လျှို့ဝှက်ဆိုက်ဘာစစ်ဆင်ရေးတစ်ရပ်ဖြင့် တိုက်ခိုက်
17-Oct-2019



ဝါရှင်တန်၊ အောက်တိုဘာ ၁၆

ဆော်ဒီအာရေဗျ ရေနံတွင်းတူးစင်များကို စက်တင်ဘာလ ၁၄ ရက်နေ့က တိုက်ခိုက်ခဲ့သော အီရန်တို့၏လုပ်ရပ်ကို တုံ့ပြန်သည့်အနေနှင့် အမေရိကန်က ၎င်းတို့အပေါ် ဆိုက်ဘာစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း Reuters သတင်းဌာနတွင် ဖော်ပြထားသည်။

အီရန်အာဏာပိုင်များ၏ ဝါဒဖြန့်နိုင် စွမ်းကို ပစ်မှတ်ထားကာ စက်တင်ဘာလ နှောင်းပိုင်းတုန်းက ဆိုက်ဘာစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲခဲ့ကြောင်း အမည်မဖော်လိုသူ အမေရိကန်အစိုးရအရာရှိများ၏ ပြောကြားမှုကို ကိုးကားပြီး Reuters က ဖော်ပြခြင်းဖြစ်သည်။

ဆိုက်ဘာတိုက်ခိုက်မှုက အီရန်တို့၏ ဟာ့ဒ်ဝဲများအထိ သက်ရောက်မှုရှိခဲ့သည် ဟု အရာရှိတစ်ဦးက ပြောကြားသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ပြောပြခဲ့ခြင်းမရှိပေ။

ယခုကဲ့သို့ လျှို့ဝှက်ဆိုက်ဘာတိုက်ခိုက်မှုမှာ အီရန်တို့၏ရမ်းကားမှုအပေါ် ထရမ့်အစိုးရအဖွဲ့က ပဋိပက္ခများကျယ်ကျယ် ပြန့်ပြန့်မဖြစ်ပေါ်စေဘဲ မည်ကဲ့သို့ တုံ့ပြန်သွားရန် စီစဉ်ထားသည်ဆိုသည်ကို ဖော်ပြနေသည်ဟု ယူဆရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က တိုက်ခိုက်မှုအတွက် အမေရိကန်ပြည်ထောင်စု၊ ဆော်ဒီအာရေဗျ၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့က အီရန်အပေါ် အတိအလင်း ပြစ်တင်ဝေဖန်ခဲ့ကြပြီး အီရန်အာဏာပိုင်များကမူ ယင်းတိုက်ခိုက်မှုတွင် ၎င်းတို့ပါဝင်ခြင်းမရှိဟု ငြင်းဆန်ခဲ့သည်။

ယင်းတိုက်ခိုက်မှုအပေါ် တရားဝင် တုံ့ပြန်မှုအနေနှင့် ပင်တဂွန်က ဆော်ဒီ၏ ကာကွယ်ရေးကို မြှင့်တင်ရန်အတွက် ထောင်နှင့်ချီသော တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခဲ့သည်။

အီရန်အပေါ် ဆိုက်ဘာတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး မေးမြန်းမှုများကိုမူ ပင်တဂွန်က လုံခြုံရေးနှင့်မူဝါဒပိုင်းဆိုင်ရာ ကျိုးပေါက်မှုမရှိစေရန်ဟူသော အကြောင်းပြချက်ဖြင့် ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

ဆိုက်ဘာတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများရှိမည်ဆိုလျှင်ပင် မည်ကဲ့သို့ သောထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်ဆိုသည်ကို သိရှိနိုင်ရန် လနှင့်ချီ၍ကြာမြင့်မည် ဖြစ်သော်လည်း ဆိုက်ဘာတိုက်ခိုက်မှုမှာ စစ်ရေးအရ တုံ့ပြန်မှုများထက် ရန်လိုမှုနည်းသော ရွေးချယ်စရာ နည်းလမ်းတစ်ရပ်ပင်ဖြစ်သည်။

အီရန်ဘက်ကလည်း အမေရိကန်တို့အပေါ် ဆိုက်ဘာတိုက်ခိုက်သည့်နည်းလမ်းကို အသုံးပြုဖူးပြီး ယခုလအတွင်းမှာပင် အီရန်အစိုးရနှင့်ဆက်စပ်မှုရှိသည်ဟု ယူဆရသော ဟက်ကာအဖွဲ့တစ်ဖွဲ့က အမေရိကန် သမ္မတထရမ့်၏ ပြန်လည်ရွေးကောက်ခံရရေး စည်းရုံးလှုံ့ဆော်မှုနှင့် ဆက်နွှယ်နေသည့် email အကောင့်များကို ထိုးဖောက် ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့သည်။

ထို့ပြင် အီရန်အာဏာပိုင်များသည် ဒစ်ဂျစ်တယ်နည်းလမ်းများဖြင့် သတင်းမှားများ ဖြန့်ဝေရာတွင်လည်း အဓိကနေရာက ပါဝင်ပတ်သက်လျက်ရှိသည်ဟု ယူဆရသည်။

စက်တင်ဘာ ၁၄ ရက်တိုက်ခိုက်မှု နောက်ပိုင်းကတည်းက အီရန်တို့နှင့်တင်းမာမှုများ မြင့်တက်လျက်ရှိပြီး ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက ပင်လယ်နီတွင် အီရန်ရေနံတင် သင်္ဘောတစ်စင်းတိုက်ခိုက် ခံခဲ့ရသည်ဟု အီရန်အစိုးရကပြောကြားပြီး ယင်းအတွက် အကျိုးဆက်များကိုခံစားရ လိမ့်မည်ဟုလည်း ခြိမ်းခြောက်ထားသည်။

F-05