News

POST TYPE

NEWS

ပြင်ဦးလွင်တန်ဆောင်တိုင် အဝေးထိန်းလေယာဉ်ငယ်နှင့် ရဟတ်ယာဉ် သရုပ်ပြပြိုင်ပွဲ ထည့်သွင်းမည်
16-Oct-2019
မန္တလေး၊ အောက်တိုဘာ ၁၆

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်တွင် ထည့်သွင်းကျင်းပမည့် အဝေးထိန်းလေယာဉ်ငယ်များ ပြပွဲ၊ ပြိုင်ပွဲတွင် အတားအဆီးဖြတ်ကျော်ပြိုင်ပွဲနှင့် အဝေးထိန်းရဟတ်ယာဉ် သရုပ်ပြပြိုင်ပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်ဖြစ်ကြောင်း အဝေးထိန်းလေယာဉ်ငယ်များ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပရေးကော်မတီထံမှ သိရသည်။

ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲတော်တွင် နှစ်စဉ်ကျင်းပလျက်ရှိသော အဝေးထိန်းလေယာဉ်ငယ်များ ပြပွဲ၊ ပြိုင်ပွဲ (RCMA Competition) ကို စတုတ္တအကြိမ် ကျင်းပသွားမည်ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ ဝါသနာရှင်များကို တစ်နေရာတည်းတွင် စုစုစည်းစည်း နှီးနှောဖလှယ်နိုင်ရန်ကျင်းပခြင်းဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီဝင် ကိုအောင်ကျော်သူ (ဝေဟင်) က ပြောကြားသည်။

“အနယ်နယ်အရပ်ရပ်က ဝါသနာရှင်တွေစုပြီးတော့ တစ်နေရာတည်းမှာစုပြီးတော့ အပြန်အလှန် နှီးနှောဖလှယ်ဖို့အတွက် စုစည်းပေးတဲ့သဘောပါပဲ။ နောက်တစ်ခုက အခုကတော့ နည်းပညာတွေက တစ်နေ့တစ်ခြား တိုးတက်လာတယ်။ ခေတ်နဲ့ညီအောင် လူသားတွေ အကျိူးပြုလုပ်ငန်းတွေ လုပ်လာနိုင်အောင်ပါ။ ဆေးဝါးတွေပို့တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ပစ္စည်းတွေပို့တဲ့နေရာမှာ ဒရုန်းတွေနဲ့ပို့လို့ရတယ်ဆိုတာကို ပြချင်တာပါ။ လေကြောင်းပညာရပ်မှာ ပိုပြီးတော့ ဆန်းသစ်မှုတွေကို လူ့စွမ်းအားအရင်မြစ်တွေဖော်ထုတ်နိုင်ဖို့ပါ”ဟု ၎င်းက ရှင်းပြသည်။

အဝေးထိန်းလေယာဉ်ငယ် RCMA (Radio Control  Model Aircraft) ပျံသန်းမှုပြပွဲနှင့် ပြိုင်ပွဲ စတင်ကျင်းပမည့်နေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် ASEAN CLUB, Myanmar PPG Club မှ Paramotor များက အုပ်စုဖွဲ့ပျံသန်းခြင်း၊ နိုဝင်ဘာလ ၉ ရက်၊ ၁၀ ရက်နေ့တို့တွင် လေယာဉ်များ အလှပြပျံသန်းခြင်းနှင့် ပြိုင်ပွဲ၊ ဝါသနာရှင် တည်ဆောက်ဆန်းသစ်တီတွင်မှုပြပွဲနှင့် ပြိုင်ပွဲများ ပြုလုပ်ခြင်း၊ စိတ်ကြိုက်သရုပ်ပြပြိုင်ပွဲနှင့် အတားအဆီးဖြတ်ကျော်ပြိုင်ပွဲ၊ လေယာဉ်စီးချင်းတိုက်ပွဲ (Dog Fight for Beginners) ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ပြိုင်ပွဲကို ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် မီးပုံပျံကွင်းတွင် ကျင်းပသွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ရောက်လိုသူများအနေဖြင့် အောက်တိုဘာလကုန်အထိ စာရင်းပေးသွင်းနိုင်ကြောင်း၊ လက်ရှိအချိန်အထိ ပြိုင်ပွဲဝင် ၄၀ ကျော် စာရင်းပေးထားပြီးဖြစ်ကာ ဆုကြေးငွေများချီးမြှင့်ခြင်း၊ နေထိုင်စားသောက်မှုများ၊ ဝတ်စုံများစီစဉ်ပေးသွားမည်ဖြစ်ကြောင်း အဝေးထိန်းလေယာဉ်ငယ်များ ပြပွဲ၊ ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။

မြတ်မင်း



  • VIA