News

POST TYPE

NEWS

ရန်ကုန်မြို့ပတ်ရထားလမ်း အရှေ့ခြမ်း ပြန်ဖွင့်မည်
16-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၈

ရန်ကုန်မြို့ပတ်ရထားလမ်း အရှေ့ခြမ်းဖြစ်သည့် တညင်းကုန်း- မင်္ဂလာဒုံ-ပုရွက်ဆိတ်ကုန်း ရထားလမ်းကို ၂၀၁၉ ခုနှစ်၊အောက်တိုဘာလ (၁၇) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
 
အဆိုပါ ရန်ကုန်မြို့ပတ်ရထားလမ်းအရှေ့ခြမ်းကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၂၁) ရက်နေ့မှစ၍ အစုန်အဆန် ရထားလမ်းနှစ်ခုလုံး ပိတ်ပြီး လမ်းအဆင့်မြှင့် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး ယင်းရန်ကုန်မြို့ပတ် ရထားလမ်းအရှေ့ခြမ်းကို ၁၀ လခန့်အကြာတွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ 

ရန်ကုန်မြို့ပတ်ရထားလမ်းအရှေ့ခြမ်းဖွင့်လှစ်သည့်နေ့တွင် ပုရွက်ဆိတ်ကုန်း-ရေကူးဘူတာကြား (၂.၅) မိုင်အား မြို့ပတ်ရထားလမ်း၏ အတွင်းလမ်းကို ပိတ်၍ ရထားလမ်းအဆင့်မြှင့်ပြု ပြင်မှုများကို စတင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားက ဆိုသည်။ 
 
ပြန်လည်ဖွင့်လှစ်မည့် လမ်းပိုင်းတွင် ဥက္ကလာပ-ဝေဘာဂီ-မင်္ဂလာဒုံ-မင်္ဂလာဒုံဈေး-ကျိုက္ကလဲ့ ဂေါက်ကွင်းဘူတာများ ပါဝင်ပြီး နေ့စဉ်ရထားစီးသည့် ခရီးသည် ဦးရေ ၄၀၀၀ နီးပါးခန့်ရှိကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။
 
တညင်းကုန်း-မင်္ဂလာဒုံ-ပုရွက်ဆိတ်ကုန်း လမ်းပိုင်းပြန်လည် ဖွင့်လှစ်ခြင်းကြောင့် မြို့ပတ်ရထားအချိန်စာရင်း အနည်းငယ်ပြောင်းလဲမှုရှိပြီး တစ်ဘူတာချင်းအလိုက် ရထားအချိန်စာရင်းများကို သက်ဆိုင်ရာဘူတာ အသီးသီးတွင် ကြေငြာထားသည်။ 
 
မြို့ပတ်ရထားလမ်းပြု ပြင်မှုလုပ်ငန်းများကို အနောက်ခြမ်းတွင် A-1 ကုမ္ပဏီမှလည်းကောင်း၊ အရှေ့ခြမ်းတွင် ရွှေတောင်ကုမ္ပဏီမှ လည်းကောင်း အဆင့်မြှင့်တင် ဆောင်ရွက်နေခြင်းဖြစ်ပြီး မြို့ပတ်ရထားလမ်းနှင့် ဘူတာရုံများ အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းများကို ၂၀၂၀ ခုနှစ်၊ မတ်လကုန်တွင် အပြီးဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခဈေးနှုန်းများမှာ ခရီးစဉ်အစမှ ၁၅ မိုင်အထိ ငွေကျပ် ၁၀၀ နှုန်း၊ ၁၅ မိုင်အထက်နှင့် မြို့တစ်ပတ်လုံးကို ငွေကျပ် ၂၀၀ သတ်မှတ်ထားပြီး မနက် ၄ နာရီမှ ည ၁၀ နာရီထိ ပြေးဆွဲပေးနေကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

J-10



  • VIA