News

POST TYPE

NEWS

ကရင်ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ရမြေတွင် ဝင်ရောက်လုပ်ကိုင်သူ ဒေသခံတောင်သူ ၁၁ ဦး အရေးယူခံရ
16-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၁၅

ကရင်ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ရ မြေတွင် ဝင်ရောက်လုပ်ကိုင်သူ ဘင်ဂျီ ဒေသခံတောင်သူ ၁၁ ဦး အရေးယူခံထားရကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ဘားအံမြို့နယ်၊ ဘင်ဂျီကျေးရွာ၌ ကရင်ပြည်နယ်အစိုးရ နှစ် ၃၀ လုပ်ပိုင် ခွင့်ရရှိထားသော မြေလွတ်မြေရိုင်းများပေါ်တွင် ဒေသခံတောင်သူ ၁၆၅ ဦးက ဝင်ရောက်လုပ်ကိုင်ခဲ့ရာ ဦးဆောင်သူ ၁၁ ဦး အမှုဖွင့်ခံရကြောင်း ဘင်ဂျီကျေးရွာမှ ဦးစောရွှေသန်းမြင့်က ပြောကြားသည်။

“မြေလွတ်မြေရိုင်းမှာ ဝင်လုပ်တဲ့သူတွေရော အကူအညီပေးတဲ့သူတွေရော အားလုံးအမှုဖွင့်တယ်။ တရား တော့မစွဲသေးဘူး”ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှ နှစ် ၃၀ လုပ်ပိုင်ခွင့်ကျပြီးသော မြေလွတ်မြေရိုင်းပေါ်တွင်ရရှိထားသည့် ဘားအံမြို့နယ်၊ ဘင်ဂျီကျေးရွာရှိ ကွင်းအမှတ် (OSS 45) ဘိုတဲအပြင်ကွင်းရှိ မြေဧက ၁၅၀ ပေါ်တွင် တောင်သူ ၁၆၅ ဦးတို့သည် ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လုပ်ကိုင်နေသဖြင့် အကြိမ်ကြိမ်တားမြစ်ခဲ့သော်လည်း မရသောကြောင့် ဦးဆောင်သူ ဒေါ်စိုးစိုး၊ ဒေါ်နော်ချစ်၊ ဦးစိန်သန်း အပါအဝင် ၁၁ ဦးကို မြိုင်ကလေး ရဲကင်း ရဲစခန်း၌ မြို့နယ်ဦးစီးမှူးက အမှုဖွင့်ခဲ့ ကြောင်း ဒေါ်နော်ချစ်က ပြောဆိုသည်။

“ခေါ်ပြီး စစ်ဆေးတယ်။ အမိုးတို့ကလည်း ရှင်းပြတယ်။ အာမခံနဲ့ ပြန်လွတ်လာတာ။ တရားရုံးတော့မချိန်းသေးဘူး”ဟု ၎င်းက ဆိုသည်။

ကရင်ပြည်နယ်အစိုးရ နှစ် ၃၀ လုပ်ပိုင်ခွင့်ရရှိထားသော မြေလွတ် မြေရိုင်းများပေါ်တွင် ဒေသခံတောင်သူများ ဝင်ရောက်လုပ်ကိုင်နေခြင်းကို အကြိမ်ကြိမ် တားမြစ်ခဲ့သော်လည်း လိုက်နာခြင်းမရှိသည့်အတွက် စက်တင်ဘာလ ၂၁ ရက်နေ့တွင် မြေစာရင်း ဦးစီးမှူး ဦးကျော်ကျော်က မြေလွတ်မြေလပ်နှင့် မြေရိုင်းစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ခ) ဖြင့် အမှုဖွင့်ခဲ့ရာ ရဲစခန်းက ဦးဆောင်သူ ဒေါ်စိုးစိုး၊ ဒေါ်နော်ချစ်အပါ ၁၁ ဦးအား (ပ) ၁၁၁၇/၂၀၁၉/၂၇ (ခ) ဖြင့် အရေးယူ ဆောင်ရွက်ထားကြောင်း မြိုင်ကလေး ရဲကင်းရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

ဘင်ဂျီကျေးရွာရှိ ပြည်နယ်အစိုးရ လုပ်ပိုင်ခွင့်ရမြေပေါ်တွင် တောင်သူများ ဝင်ရောက်လုပ်ကိုင်နေသောကြောင့် ဒေသခံများအကြား ပဋိပက္ခများ ဖြစ်ပွားမှုမဖြစ်စေရန် ဘားအံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက စက်တင်ဘာ ၉ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင်လက်မှတ်ရေးထိုး၍ ဒေသန္တရ အမိန့် (၃/၂၀၁၉) ကို ထုတ်ပြန်ခဲ့သည်။

မြေလွတ်မြေလပ်နှင့် မြေရိုင်း စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ (ခ) တွင် မည်သူမဆို ဥပဒေအရ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူ (သို့မဟုတ်) ယင်း ကိုယ်စားလှယ်၏ သဘောတူညီချက်၊ ခွင့်ပြုချက်မရဘဲ အဆိုပါမြေလွတ် မြေလပ်နှင့် မြေရိုင်းများပေါ်တွင် ဝင်ရောက် ကျူးကျော်လုပ်ကိုင်ပါက ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရလျှင် ထိုသူကို ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ကိုဖြစ်စေ၊ နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပါရှိသည်။ 
 
အေးချမ်းသူ


  • VIA