News

POST TYPE

NEWS

မိုင်းပန်တွင် တပ်မတော်နှင့် RCSS တို့ ပစ်ခတ်မှုဖြစ်
15-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၁၅

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ်အတွင်း တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) လက်နက်ကိုင် အဖွဲ့တို့အကြား အောက်တိုဘာလ ၁၅ ရက်နေ့က ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း RCSS အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

RCSS လက်နက်ကိုင်အဖွဲ့သည် NCA လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး အဆိုပါ ပစ်ခတ်မှုများ ဖြစ်ပွားသည့် အောက်တိုဘာလ ၁၅ ရက်နေ့သည် NCA စာချုပ် လက်မှတ်ရေးထိုးသည့် ၄ နှစ်ပြည့် နှစ်ပတ်လည်နေ့နှင့်လည်း တိုက်ဆိုင်နေသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက တပ်မတော်စစ်ကြောင်းနှင့် နယ်မြေအတွင်းလှုပ်ရှားလျက်ရှိသည့် RCSS တပ်ဖွဲ့တို့အကြား မိုင်းပန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း RCSS အဖွဲ့ထံမှ သိရသည်။

RCSS အဖွဲ့များ၏ လှုပ်ရှားနယ်မြေဖြစ်သည့် အဆိုပါ နောင်ဟီးကျေးရွာအုပ်စုအတွင်းသို့ တပ်မတော်စစ်ကြောင်းက RCSS ဆက်ဆံရေးရုံးများကို ဆက်သွယ်အသိပေးခြင်းမရှိဘဲ နယ်မြေကျော်လွန် လှုပ်ရှားလာသည့်အတွက် တပ်မတော်စစ်ကြောင်းနှင့် ကန့်ကန်ကျေးရွာအနီးတွင် ထိပ်တိုက်ရင်ဆိုင်မိရာမှ နှစ်ဖက်တပ်များ နံနက် ၉ နာရီ ၄၅ မိနစ်ခန့်မှ နံနက် ၁၀ နာရီထိ မိနစ် ၂၀ ကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းRCSS က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲဖြစ်တာတော့ ဟုတ်တယ်။ တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးတာတွေ အသေးစိတ်အချက်အလက်တွေတော့ မသိသေးဘူး။ ပစ်ခတ်မှုတွေ ဖြစ်ပွားတယ်လို့တော့ အောက်ခြေက သတင်းတက်လာပါတယ်”ဟု RCSS အဖွဲ့မှ အရာရှိတစ်ဦးက အတည်ပြုသည်။

တပ်မတော်ဘက်မှ အမှတ် (၅၇၅) ခြေမြန်တပ်ရင်း၊ အမှတ် (၅၂၀) ခြေမြန်တပ်ရင်းနှင့် အမှတ် (၁၅၃) ခြေမြန်တပ်ရင်း ပူးပေါင်းတပ်ဖွဲ့မှ အင်အား ၃၉ ဦးသည် မိုင်းပန်မြို့နယ် နောင်ဟီးကျေးရွာအုပ်စု နောင်မယ်ကျေးရွာမှတစ်ဆင့် ကန့်ကန် ကျေးရွာဘက်သို့ RCSS ဆက်ဆံရေးရုံးများထံ ဆက်သွယ်အသိမပေးဘဲ နယ်မြေကျော်လွန်လှုပ်ရှားခဲ့ခြင်း ဖြစ်သည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းလည်း RCSS ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

တပ်မတော်အနေနှင့် စစ်တိုင်းဌာနချုပ် ၅ ခုထံ အပစ်အခတ်ရပ်စဲမှု ကြေညာခြင်း ပြီးခဲ့သည့်လအတွင်းက သက်တမ်းကုန်ဆုံးသွားပြီးဖြစ်သော်လည်း ထပ်မံ သက်တမ်းတိုးခဲ့ခြင်း မရှိခဲ့ပေ။

တပ်မတော်နှင့် RCSS လက်နက်ကိုင်အဖွဲ့တို့သည် တပ်မတော်၏ အပစ်ရပ်ကာလပြီးဆုံးသည့် နောက်ပိုင်း ပြီးခဲ့သည့် စက်တင်ဘာလ ၂၃ ရက်နေ့တွင်လည်း မိုင်းကိုင်မြို့နယ် လွိုင်လံ ကျေးရွာအုပ်စုတစ်ဝိုက်တွင် ထိတွေ့မှုတစ်ကြိမ် ဖြစ်ပွားထားခဲ့သည်။

J-08