News

POST TYPE

NEWS

လျှပ်စစ်တာဝါတိုင်အနီးမှ စတင်လောင်ကျွမ်းသော လော့အိန်ဂျလိစ်တောမီး ပြင်းထန်
15-Oct-2019


အယ်လ်အေ၊ အောက်တိုဘာ ၁၅

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် လော့အိန်ဂျလိစ်မြို့နားမှာ လောင်ကျွမ်းနေတဲ့ တောမီးဟာ လေတိုက်နူန်းမြင့်လာခြင်းနဲ့အမျှ ပြင်းထန်နေပြီး၊ ဗို့အားမြင့် လျှပ်စစ်တိုင်ကြီး အနီးမှ စတင်လောင်ကျွမ်းကြောင်း  သတင်းများက ဖော်ပြထားသည်။

Southern California Edison ဟု အမည်ရသည့် လျှပ်စစ်ပါဝါဖြန့်ချီရေး ကုမ္ပဏီက ပိုင်ဆိုင်သော ဗို့အားမြင့် တာဝါတိုင်နားမှ မီးက စတင်ခဲ့ခြင်းဖြစ်သည်ဟု မီးသတ်တပ်ဖွဲ့နှင့် ကုမ္ပဏီအရာရှိများက အတည်ပြုပေးသည်။

မီးစတင်လောင်ကျွမ်းရာ နေရာရှိ လျှပ်စစ်မီးပေးရေး စနစ်များကို ထိခိုက်မှုများ ရှိကြောင်း ကုမ္ပဏီဘက်က ဆိုထားသည်။

မည်သည့်အတွက်ကြောင့် အဆိုပါ တောမီးလောင်ကျွမ်းရသည်ကို မီးသတ်တပ်ဖွဲ့က မသိရသေးပေ။

စုံစမ်းစစ်ဆေးမှုများအရ မီးသည် ဗို့အားမြင့် လျှပ်စစ်တာဝါတိုင်၏ အနီး ကုန်းစောင်းလေးတစ်ခုမှ စတင်ခြင်းဖြစ်ကြောင်း လော့အိန်ဂျလိစ်မီးသတ်တပ်ဖွဲ့ ပြောခွင့်ရအရာရှိ မီးသတ်ဗိုလ်ကြီး အဲရစ်စကော့က ပြောကြားသည်။

Southern California Edison ကုမ္ပဏီက အစီရင်ခံချက်တွင် တာဝါကြောင့် မီးလောင်ခြင်း ဟုတ်မဟုတ်၊ မီးကြောင့် တာဝါကို ထိခိုက် မခိုက် ထည့်သွင်းရေးသားထားခြင်း မရှိပေ။

လေတိုက်နူန်းပြင်းထန်ပြီး ရာသီဥတုက ခြောက်သွေ့သဖြင့် တောမီး ပိုမိုကြီးလာနိုင်ချေရှိသောကြောင့် Edison ကုမ္ပဏီသည် အချို့သော ဖောက်သည်အိမ်ရာများကို မီးဖြတ်ထားခဲ့သည်။

ကယ်လီဖိုးနီးယား မြောက်ပိုင်းတွင်လည်း တောမီးက လျှပ်စစ်မီးပေးရေးစက်ရုံများဘက်သို့ ရောက်လာနိုင်ချေရှိသဖြင့် ကုမ္ပဏီတစ်ခုက မီးဖြတ်ထားမှုများ ရှိခဲ့သည်။

မီးပြတ်သွားသည့် ရပ်ရွာများကို ချက်ချင်း မီးပြန်ပေးရန်နှင့် ဖောက်သည်များအတွက် တန်ပြန်လျော်ကြေးအဖြစ် ဆောင်ရွက်ပေးရန် ပြည်နယ် လျှပ်စစ်မီးဖြန့်ချိရေးကော်မရှင်က ကုမ္ပဏီကို ပြောကြားထားသည်။

ကယ်လီဖိုးနီးယားပြည်နယ်သည် ခြောက်သွေ့တောထူသည့် ပြည်နယ်ဖြစ်ရာ နှစ်စဉ် တောမီးခြိမ်းခြောက်မှုကို ပြင်းထန်စွာခံရသည့် နေရာဖြစ်သည်။ 

F-02


  • VIA