News

POST TYPE

NEWS

တရားမဝင် ဝင်ရောက်ကာ တောကောင်ပစ်ခတ်သည့် ထိုင်းနိုင်ငံသားတစ်ဦးကို တပ်မတော်က ဖမ်းဆီး
15-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၁၄

မြန်မာ-ထိုင်းနယ်စပ် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်နယ်စပ်အနီးတွင် တရားမဝင် ဝင်ရောက်ကာ တောကောင်ပစ်ခတ်နေသည့် ထိုင်းနိုင်ငံသားတစ်ဦးကို တပ်မတော်က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ထိုင်းနိုင်ငံသားသည် အောက်တိုဘာလ ၁၁ ရက်နေ့က ဒေသအခေါ် နွားလဘို့တောင်တွင် ပြောင်းရှည် လက်လုပ်သေနတ်တစ်လက်ဖြင့် တောကောင် ပစ်ခတ်နေစဉ် တပ်မတော်တပ်ခွဲတစ်ခုမှ နယ်မြေရှင်းရေး အဖွဲ့တစ်ဖွဲ့က တွေ့ရှိကာ ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

ခလရ ၂၆၅ တပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးဝေ ဦးစီးသည့် တပ်ခွဲ ၁ က တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာပိုင်နက်အတွင်း အရပ်ဝတ်ဖြင့် တောကောင်ပစ်ခတ် ဖမ်းဆီးနေသည့် အဆိုပါ ထိုင်းနိုင်ငံသား လံချိုင်ထင်ထော် (ခ) ငမဲ (၁၈ နှစ်) ကို ပြောင်းရှည်လက်လုပ်သေနတ် ၁ လက်၊ ကျည် ၂ တောင့်နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါထိုင်းနိုင်ငံသားကို တပ်မတော် တပ်ရင်းက ခေါ်ဆောင်လာခဲ့ပြီး မောတောင် နယ်မြေ ရဲစခန်းကို အောက်တိုဘာလ ၁၃ ရက်နေ့က လွှဲပြောင်း အပ်နှံပြီး တရားဥပဒေအရ အရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

၎င်းအနေနှင့် တရားမဝင် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှု၊ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဖြတ်သန်း ဝင်ရောက်မှုများနှင့် အရေးယူရန် စီစဉ်လျက်ရှိကြောင်းလည်း သိရသည်။

J-08


  • VIA