News

POST TYPE

NEWS

ရွှေကျင် သီတင်းကျွတ်မီးမျှောပွဲ နောက်ဆုံးနေ့ပွဲတော်လာသူ တစ်သိန်းခန့်ရှိ
14-Oct-2019


တောင်ငူ၊ အောက်တိုဘာ၁၄

ရွှေကျင်မြို့ သီတင်းကျွတ်မီးမျှောပွဲတော် နောက်ဆုံးရက် အောက်တိုဘာ ၁၄ ရက်တွင် ဒေသတွင်းသာမက အနယ်နယ်ရပ်ရပ်မှ ပွဲတော်လာသူ တစ်သိန်းခန့်ရှိကြောင်း ပွဲတော်ကျင်းပရေးကော်မတီထံမှ သိရသည်။

ရွှေကျင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းလင်းက “ဒီနေ့ (၁၄ ရက်) တက်ခုပ်ယိမ်း၊ တက်ပျံယိမ်းတွေ အကအလှတွေ ပြိုင်နေကြပါပြီ။ ပိတ်ပွဲဆုချီးမြှင့်ပွဲနဲ့ မီးမျှောပွဲကို ညနေပိုင်းမှာ ဆက်လက်ကျင်းပမှာပါ။ ပွဲတော်လာပရိတ်သက်က တစ်သိန်းလောက်ခန့်မှန်းပါတယ်”ဟု ပြောကြားသည်။

ရွှေကျင်မြို့နယ် သီတင်းကျွတ်မီးမျှောပွဲတော်ကို အောက်တိုဘာ ၁၀ ရက်က စတင်ကျင်းပသည်ဆိုသော်လည်း အဆိုပါနေ့မတိုင်မီကတည်းက ပွဲတော်ဈေးဆိုင်းခန်းများဖြင့် စည်းကားနေပြီဖြစ်ကာ သီတင်းကျွတ်လပြည့်နှင့် လပြည့်ကျော်တစ်ရက်နေ့များသည် အစည်ကားဆုံးဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသခံ ဦးအောင်ဆက်ပိုင်က “ ဒီပွဲတော်က အဝေးရောက် ရွှေကျင်သားတွေလည်း အတတ်နိုင်ဆုံးပြန်လာလေ့ရှိတော့ ပရိသတ်က သိန်းချီရှိတယ်။ ဒီနေ့ မနက်ကတည်းကရောက်နေတဲ့ ပရိသတ်က ဒေသခံတွေတင်မဟုက်ဘူး။ ဘုရားဖူးကားတွေနဲ့ ရန်ကုန်ဘက်ကလာသူတွေရော၊ အနီးတစ်ဝိုက် ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်ဘက်ကဧည့်သည်နဲ့ ပေါင်း တစ်သိန်းအောက် မလျော့ဘူး” ဟု ပြောကြားသည်။

ပွဲတော်ရက်များအတွင်း လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များသာမက အရပ်ဖက်အဖွဲ့စည်းများပူးပေါင်းကာ အင်အား ၁၅၀ ကျော်ချထားကာ လုံခြုံရေးအစီမံများ ဆောင်ရွက်ထားကြောင်း ရွှေကျင်မြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးချမ်းမြေ့ကျော်က ပြောကြားသည်။

ရွှေကျင်မြို့တွင် ရပ်ကွက် ၈ ခုနှင့် ကျေးရွာအုပ်စုပေါင်း ၃၁ ခုရှိကာ ဒေသခံ ကရင်၊ ရှမ်း၊ ဗမာများအပါအဝင် လူဦးရေ ၈၉၅၀၀ ခန့်ရှိပြီး ဥယျာဉ်ခြံစိုက်ပျိုးခြင်း၊ ရွှေတူးဖော်ရေးလုပ်ငန်း၊ မိရိုးဖလာ လယ်ယာစိုက်ပျိုးရေးလုပ်ကိုင်ကြောင်း ရွှေကျင်မြိုနယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

R-15