News

POST TYPE

NEWS

ဖိလစ်ပိုင်ကုမ္ပဏီနှင့်ပူးပေါင်း၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်မည်
14-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၁၄

Yoma Strategic Holdings Ltd. နှင့် ဖိလစ်ပိုင်နိုင်ငံမှ Ayala Corporation ၏ စွမ်းအင်လုပ်ငန်းတစ်ခုဖြစ်သည့် Ayala Corporation Energy Holdings Ltd.  တို့အကျိုးတူပူးပေါင်း၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်း စီမံကိန်းများတွင် ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း Yoma Strategic ထံမှ သိရသည်။

Yoma Strategic နှင့် AC Energy သည် ၅၀/၅၀ ရာခိုင်နှုန်းစီအကျိုးတူပူးပေါင်းမှုပြုလုပ်သွားမည်ဖြစ်ပြီး ထိုပူးပေါင်းဆောင်ရွက်မှုဖြင့် Yoma Micro Power ၏ လုပ်ငန်းချဲ့ထွင်နိုင်ရန် အတူဆောင်ရွက်သွားမည်ဖြစ်ကာ ပူးပေါင်းမှု၏ တစ်စိတ်တစ်ဒေသအနေဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာသန်း ၃၀ ရင်းနှီးမြှုပ်နှံရန် လက်မှတ်ရေးထိုး သဘောတူထားသည်။

ယခုပူးပေါင်းလုပ်ဆောင်မှုသည် Yoma Micro Power တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ပြီး အကြီးစားပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းများအပြင် မဂ္ဂါဝပ် ၂၀၀ ခန့်ထုတ်လုပ်နိုင်သည့် အခြားပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်လုပ်ငန်းစီမံကိန်းများတွင် ပါပူးပေါင်းလုပ်ဆောင်သွားရန်ရှိကြောင်း Yoma Strategic ထံမှ သိရသည်။

“မြန်မာနိုင်ငံရဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍမှာ ပါဝင်လုပ်ဆောင်ဖို့ရည်ရွယ်ထားတဲ့ AC Energy အတွက် အဓိပ္ပာယ်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လုပ်ငန်းကျွမ်းကျင်မှု၊ ဘဏ္ဍာရေးတောင့်တင်းမှုနဲ့ AC Energy ရဲ့ လျင်မြန်စွာတိုးတက် ပြောင်းလဲနေတဲ့ဒေသတွေမှာ တစ်စိုက်မတ်မတ်လုပ်ဆောင်မှုကြောင့် တိုးတက်မှုတွေ သယ်ဆောင်လာပေးနိုင်မှာပါ” ဟု AC Energy Renewables ၏ CEO Patrice Clausse က ပြောကြားသည်။

မြန်မာနိုင်ငံ၏လျှပ်စစ်စွမ်းအင်သုံးစွဲမှုသည် အိမ်ထောင်စုအားလုံးလျှပ်စစ်စွမ်းအင်ရရှိမည့် ၂၀၃၀ ခုနှစ် မရောက်မီအချိန်အထိ နှစ်စဉ်ပျမ်းမျှ ၁၁ ရာခိုင်နှုန်းဆက်လက်မြင့်တက်နေပြီး အိမ်ထောင်စုအားလုံး လျှပ်စစ်စွမ်းအင်ရရှိနိုင်ရန် နှစ်စဉ်အမေရိကန်ဒေါ်လာ ၂ ဘီလီယံတန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုများလိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

“မြန်မာနိုင်ငံက အာရှမှာ လျှပ်စစ်စွမ်းအင်ရရှိမှု အနိမ့်ဆုံးနိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းကျော် အထူးသဖြင့် ကျေးလက်ဒေသတွေကပြည်သူတွေက လျှပ်စစ်စွမ်းအင်မရရှိပါ။ လျှပ်စစ်စွမ်းအင်လိုအပ်မှုများ မြင့်တက်လျက်ရှိပြီး လျှပ်စစ်စွမ်းအင်ဖြန့်ဖြူးနိုင်မယ့် အခြေခံအဆောက်အအုံတွေ အရေးတကြီးလိုအပ်လျက်ရှိတယ်” ဟု Yoma Strategic ၏ အမှုဆောင်အရာရှိချုပ် Mr. Melvyn Pun က ပြောကြားသည်။

Yoma Micro Power သည် ဆက်သွယ်ရေးတာဝါတိုင်များနှင့် လျှပ်စစ်ဓာတ်အားမရရှိသေးသည့် ကျေးလက်ဒေသများသို့ လျှပ်စစဓာတ်အားပေးစွမ်းနိုင်ရန် အသေးစားလျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အသေးစားဓာတ်အားလိုင်းများကို ကိုယ်တိုင်တည်ဆောက်၍ လုပ်ငန်းများလုပ်ဆောင်နေခြင်းဖြစ်သည်။

J-11