News

POST TYPE

NEWS

ပဲခူးတိုင်းဝန်ကြီးချုပ်ကို အရေးယူပေးရန် NLD ပါတီနှင့် သမ္မတရုံးထံသို့ တိုင်ကြားမည်
13-Oct-2019


ရန်ကုန်၊ အောက်တိုဘာ ၁၂

ရပ်ဝေးတာဝန်ကျ ဆရာမများအနေနှင့် နေထိုင်ရန် အခက်အခဲမဖြစ်စေရန်နှင့် နယ်မပြောင်းရွှေ့ရရေး ရပ်ရွာခံလူငယ်များနှင့် အိမ်ထောင်ပြုသင့်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ရာ ၎င်းကို အရေးယူပေးရန် NLD ပါတီနှင့် သမ္မတရုံးထံသို့ တိုင်ကြားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်ထံမှ သိရသည်။

ယင်းသို့ပြောကြားခဲ့မှုအပေါ် ဆရာမများကို သေသေချာချာပြန်တောင်းပန်ရန်၊ နောက်နောင်တွင် ယင်းသို့ အလားတူစကားမျိုး မပြောဆိုရန်၊ ယခုပြောဆိုမှုအပေါ် တစ်စုံတစ်ရာအရေးယူပေးရန် အောက်တိုဘာ ၁၆ ရက်တွင် တိုင်ကြားစာပေးပို့ တိုင်ကြားမည်ဖြစ်ကြောင်း ယင်းအဖွဲ့ချုပ်ထံမှ သိရှိရသည်။

ဆရာအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာဇော်မျိုးလှိုင်က “သူတို့က ဆရာတွေရဲ့ ပြဿနာကို မဖြေရှင်းနိုင်ရင် မဖြေရှင်းနိုင်တဲ့အကြောင်း ရိုးရိုးသားသား ပြောရမှာ။ အခုက ဝန်ထမ်းအိမ်ရာတွေ မရှိ တာကောင်းတယ်ဆိုတာက တော်တော်အစဉ်းစား၊ အဆင်ခြင်မဲ့တဲ့ စကားပဲ။ သတင်းထောက်တစ်ယောက်က ဖုန်းဆက်လို့ အသံဖိုင်လေးနဲ့ပြန်ဖြေပြီး တောင်းပန်တာမျိုးကတော့ တာဝန်မကျေဘူး”ဟု ပြောကြားသည်။

ဝန်ကြီးချုပ်၏ ပြောဆိုမှုသည် ခေါင်းဆောင်တစ်ဦးအနေနှင့် မပြောသင့်သောစကားကို ပြောဆိုခြင်းကြောင့် ဆရာမများ၏ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ထိခိုက်စေသဖြင့် သတင်းစာရှင်းလင်းပွဲပြု လုပ်၍ဖြစ်စေ၊ တရားဝင် ကြေညာချက် ထုတ်ပြန်၍ဖြစ်စေ တောင်းပန်ရန်လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။ 

ထိုသို့ပြောကြားခဲ့ခြင်းသည် ရပ်ဝေးတာဝန်ကျဆရာမအချို့ ဒေသခံများနှင့် အိမ်ထောင်ရက်သားကျနေသည်ကို သိရှိရသဖြင့် ပေါ့ပေါ့ပါးပါး ပြောဆိုခဲ့ခြင်းသာဖြစ်ပြီး ယခုအထိ ဝေဖန်စရာဖြစ်သွားသည့်အပေါ် တောင်းပန်ကြောင်း ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက The Voice သတင်းစာသို့ ပြောကြားသည်။ 

လုပ်ငန်းခွင်တွင် ဆရာမအများစုသည် မိသားစုနှင့်ခွဲကာ ရပ်ဝေးနယ်ဝေး တာဝန်ကျဒေသတွင် တာဝန်ထမ်းနေကြရပြီး အချို့ဒေသများတွင် ဆရာမများအပေါ် ရည်ရွယ်ချက်ရှိရှိ မုဒိမ်းမှုကျူးလွန်ပြီး အတင်းအဓမ္မ လက်ထပ်ယူနိုင်ရန် ကြံစည်မှုများ ကြုံနေရကြောင်း ဆရာအဖွဲ့ချုပ်၏ အောက်တိုဘာ ၁၂ ရက်ထုတ် သဘောထားကြေညာချက်တွင် ဖော်ပြထားသည်။ 

ထို့ပြင် ပညာရေးဝန်ကြီးဌာနအနေနှင့်လည်း နိုင်ငံတစ်ဝန်းရှိ ဆရာ၊ ဆရာမများ၏ နေထိုင်ရေး အခက်အခဲများကို စနစ်တကျ စစ်တမ်းကောက်ယူကာ အစိုးရ ထံတင်ပြပြီး လိုအပ်ချက်များ အမြန်ဆုံး ဖြည့်ဆည်းပေးရန် အချက် ၇ ချက်ပါ အဆိုပါ ကြေညာချက်တွင် ဖော်ပြပါရှိသည်။ 

ကျော်ဖြိုး



  • VIA