News

POST TYPE

NEWS

အာမခံနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကြောင့် မြန်မာ့စီးပွားရေးတိုးတက်ဟု ကမ္ဘာဘဏ်သုံးသပ်
12-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၁၂

အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဖွံဖြိုးဆဲနိုင်ငံများ စီးပွားရေးကျဆင်းသော်လည်း မြန်မာ့စီးပွားရေးဖွံဖြိုးတိုးတက်မှုသည် ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အာမခံနှင့် ဆောက်လုပ်ရေးကဏ္ဍ၏ ရင်းနှီးမြှုပ်နှံမှုများကြောင့် ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း ကမ္ဘာဘဏ်၏ သုံးသပ်ချက်များအရ သိရသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံအတွက် ခန့်မှန်းချက်သည် ၂၀၁၈ ခုနှစ်၌ ၆ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းခဲ့ပြီး ယခု ၂၀၁၉ ခုနှစ်တွင် ၆ ဒသမ ၆ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ခြင်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပညာရှင်အကြီးအကဲ Mr. Andrew D. Mason က ပြောကြားသည်။

“တိုးတက်လာတဲ့ အခြေအနေတွေကို ကုန်ထုတ်လုပ်မှုကဏ္ဍ၊ အာမခံကဏ္ဍနဲ့ ဆောက်လုပ်ရေးကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံလာတဲ့ အခြေအနေတွေကြောင့် ပြောင်းလဲသွားတာဖြစ်တယ်။ ဒီလိုတိုးတက်လာဖို့ အစိုးရဘက်က လက်ရှိလုပ်နေတဲ့ ပြုပြင်ပြောင်းလဲရေးတွေကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်” ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံအနေနှင့် ဘဏ်စနစ်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုရှာဖွေသည့် အခင်းအကျင်းများကို ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း ကမ္ဘာဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ စစ်တမ်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ရာမှ ၂၀၁၈ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းနှစ်များအတွင်း ကျဆင်းမှုသည် ငွေကြေးဖောင်းပွမှုနှင့် ဝန်ဆောင်မှုကဏ္ဍများကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က သုံးသပ်ထားသည်။

ကမ္ဘာ့ဘဏ်သည် မြန်မာနိုင်ငံအနေနှင့် လာမည့် ၂၀၂၀ တွင် စီးပွားရေးဖွံဖြိုးတိုးတက်မှု ၆ ဒသမ ၇ ရာခိုင်နှုန်းနှင့် ၂၀၂၁ ခုနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာနိုင်ကြောင်း စစ်တမ်းဖော်ပြချက်များအရ သိရသည်။

ပြည့်ဖြိုးမြင့်မွန်