News

POST TYPE

NEWS

တုန်းဇံကျေးရွာ အထက်တန်းကျောင်း (ခွဲ) ကျောင်းဆောင် မီးလောင်
12-Oct-2019


ကလေး၊ အောက်တိုဘာ ၁၂

ချင်းပြည်နယ် တီးတိန်မြို့နယ် တုန်းဇံကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျောင်းဆောင်အပါအဝင် ဝန်ထမ်းအိမ်ယာများ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

အဆိုပါမီးလောင်မှုသည် အောက်တိုဘာလ ၁၁ ရက်နေ့ ည ၁၂ နာရီ အချိန်ခန့်မှ စတင်လောင်ကျွမ်းခဲ့ပြီး အချိန် ၂ နာရီ ခန့်အကြာ လောင်ကျွမ်းခဲ့သည်။

မီးလောင်မှုကြောင့် စာသင်ကျောင်းဝန်းအတွင်းရှိ အလျား ၁၈၂ ပေ ၁၄ ပေ အရှည်ရှိ စာသင်ဆောင်တစ်ဆောင်၊ နှစ်ခန်းတွဲ ဝန်ထမ်းအိမ်ယာ (၅) လုံး၊၃ ခန်းတွဲ ဝန်ထမ်းအိမ်ယာ ၁ လုံးနှင့် စာသင်ထိုင်ခုံများ ရုံးခန်းအတွင်းရှိ ကွန်ပျူတာ အပါအဝင် ရုံးလုပ်ငန်းသုံး ပစ္စည်းများ အားလုံး မီးလောင်ဆုံးရှုံးခဲ့ပြီး အလျားပေ ၉၀ အနံပေ ၃၀ ရှိ စာသင်ကျောင်းဆောင် တစ်ဆောင်သာလျင် ကျန်ရစ်ခဲ့ကြောင်း တုန်းဇံကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ကျောင်းအုပ်ဆရာကြီး ဦးဒါလ်းကျင့်ပေါင်က ပြောသည်။

"စလောင်တဲ့အိမ်က ကျောင်းဆရာမကလည်း ဆယ်ရက်နေ့ထဲက ကျောင်းပိတ်လို့ ပြန်သွားတယ်။ ကျောင်းပိတ်ရက်ဆိုတော့ ကျောင်းမှာ ဘယ်သူမှ မရှိဘူး။ ပေါ့ဆမီးတော့ မဖြစ်နိုင်ဘူး"ဟု ၎င်းက ဆိုသည်။

မီးလောင်မှုဖြစ်ပွားခဲ့သော ကျောင်းတွင် စာသင်ကျောင်းသားဦးရေ ၄၂၀ ဦးနှင့် ဆရာ ဆရာမ၊ ကျောင်းအုပ်ကြီးနှင့် ရုံးဝန်ထမ်းစုစုပေါင်း ၂၆ ဦး ရှိသည်။

မီးလောင်သွားသည့် အဆောင်များအနက် စာသင်ဆောင်တစ်ဆောင်သာလျင် အစိုးရမှ ဆောက်ထားပေးခြင်းဖြစ်ပြီး ကျန်သည့် ဝန်ထမ်းအိမ်ယာများကို ကျေးရွာမှ တည်ဆောက်ပေးထားခြင်းဖြစ်သည်။

ကျောင်းပြန်ဖွင့်ချိန်တွင် စာသင်ကြားမှု အခက်အခဲမဖြစ်စေရေး ကျေးရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် စာသင်ကြားနိုင်ရေး ညှိနှိုင်းမှုပြုလုပ်နေပြီး ဝန်ထမ်းများကို ကျေးရွာအတွင်းရှိ နေအိမ်များတွင် ထားရှိရန် စီစဉ်ထားကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

R-20