News

POST TYPE

NEWS

တရုတ်ဝယ်လက်များသဖြင့် ဖရဲအရောင်းသွက်
09-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၉

မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်တွင် တရုတ်ဝယ်လက်များလာသည့်အတွက် ဖရဲသီးများ ပိုမိုအရောင်းသွက်လာကြောင်း မူဆယ် ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင်ထံမှ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့တွင် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်သို့ ဖရဲသီးကားအဝင်မှာ ၅၁ စီးရှိပြီး အမှည့်ဆိုက်ကောင်းပါက ဈေးပိုရရှိကြောင်း ဖရဲကုန်သည်များထံမှ သိရသည်။

“ဖရဲက အရောင်းသွက်လာတယ်။ ဈေးကတော့ ပုံမှန်ပဲရှိသေးတယ်။ အရောင်းသွက်လာတော့ နောက်ပိုင်းဈေးတက်ရင်လည်း တက်လာမှာပေါ့” ဟု မူဆယ် ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးစိုင်းခင်မောင်က ပြောကြားသည်။

အရောင်းသွက်လာသောကြောင့် နောက်ပိုင်းတွင် ဖရဲဈေးများပိုမိုမြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး ရှမ်းဖရဲသီးတစ်တန်လျှင် တရုတ်ငွေယွမ် ၁၈၀၀ မှ ၂၃၀၀၊ ဗမာဖရဲတစ်တန်လျှင် ယွမ် ၁၃၀၀ မှ ၁၆၀၀၊ ၂၁၁ ဖရဲမျိုးတစ်တန်လျှင် ယွမ် ၁၂၀၀ မှ ၁၄၀၀ အထိပေါက်ဈေးရှိကြောင်း ဖရဲကုန်စည်ဒိုင်များထံမှ သိရသည်။

တိုက်ပွဲကြောင့်ရပ်နားထားရသည့် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်ကို အောက်တိုဘာလ ၁ ရက်နေ့တွင် အရောင်းအဝယ်များ ပြန်လည်ပြုလုပ်ကြခြင်းဖြစ်သည်။

ကုန်သွယ်မှုပြန်လည်ပြုလုပ်သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ရှမ်းဖရဲသီးတစ်တန်လျှင် တရုတ်ငွေယွမ် ၁၅၀၀ မှ ၁၈၀၀၊ ဗမာဖရဲတစ်တန်လျှင် ယွမ် ၁၄၀၀ မှ ၁၅၀၀၊ ၂၁၁ ဖရဲမျိုးတစ်တန်လျှင် ယွမ် ၁၁၀၀ ပေါက်ဈေးရှိခဲ့ကြောင်း ယင်းကုန်စည်ဒိုင်များထံမှ သိရသည်။

J-11