News

POST TYPE

NEWS

ရွှေဈေးနှုန်းတည်ငြိမ်စေရန် နယ်ဝေးမှ ဖုန်းဖြင့်ရောင်းဝယ်ခြင်းများကို ပိတ်ထား
09-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၉

ရွှေဈေးနှုန်းများ အဆမတန်မြင့်တက်မှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်စေရန်အတွက် နယ်ဝေးမှ ဖုန်းဖြင့်မှာယူရောင်းဝယ်ခြင်းများကို ပိတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ပထမအပတ်အတွင်းက ဘဏ်ချေးငွေဂယက်များကြောင့် ၁၆ ပဲရည်အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁,၃၀၀,ဝ၀၀ သို့ စံချိန်တင်ရောက်ရှိခဲ့သောကြောင့် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက အသင်းသားများလိုက်နာရန် ဆုံးဖြတ်ချက်ငါးချက် ချမှတ်ဆောင်ရွက်ခဲ့ရခြင်း ဖြစ်သည်။

“အသင်းကရွှေကို လိုသလောက်ရောင်းပေးနေတယ်။ ညနေလည်း သူတို့ပြန်ရောင်းတာအားလုံး ပြန်ဝယ်ပေးတယ်။ လက်ငင်းပဲ ရောင်းဝယ်တဲ့စနစ်ပဲသွားတယ်။ အဝေးတွေပိတ်ထားတယ်။ မော်လမြိုင်တို့၊ တမူး၊ ကလေး၊ စစ်တွေတို့ အဝေးဖုန်းနဲ့ရောင်းတာတွေပိတ်ထားတယ်” ဟု ဦးမျိုးမြင့်က ပြောဆိုသည်။

အသင်းဆုံးဖြတ်ချက်များတွင် ရွှေထိ၊ ငွေထိ၊ ရွှေမြန်၊ ငွေမြန်အရောင်းအဝယ်ပြုလုပ်ရန်၊ ကြိုရောင်း၊ ကြိုဝယ် လုံးဝမပြုလုပ်ရန်၊ အသင်း၏ဂုဏ်သိက္ခာ။ပုံရိပ်ကျဆင်းအောင်ပြုလုပ်သည့် အသင်းသူ၊ အသင်းသားများကို စည်းမျဉ်းစည်းကမ်းအရ အသင်းမှထုတ်ပယ်သည်အထိ အရေးယူဆောင်ရွက်ခြင်း စသည့်အချက်များဖြစ်သည်။

ထို့ပြင် ရွှေအဝယ်ဘက်ခြမ်းကို ဝိတ်တန်းလျှော့ဝယ်ယူရန်နှင့် သတင်းမီဒီယာများကို အသင်းရုံးခန်းတွင် အစဉ်အမြဲသတင်းရယူရန် စသည့်အချက်ငါးချက်ကို ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

အဆိုပါအချက်များကိုဖောက်ဖျက်ပါက စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

အောက်တိုဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းရွှေဈေးအရ ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁,၂၃၁,ဝ၀၀ ပေါက်ဈေးရှိပြီး ၁၅ ပဲရည်တစ်ကျပ်သားလျှင် ကျပ် ၁,၁၅၈,၅၀၀ ပေါက်ဈေးရှိကြောင်း ရွှေဈေးကွက်အတွင်းမှ သိရသည်။

J-11