News

POST TYPE

NEWS

လင်းခေး၌ ထော်လာဂျီတစ်စီး ချောင်းအတွင်း နစ်မြုပ်၊ ၁ ဦးသေ ၄ ဦး ပျောက်ဆုံး
09-Oct-2019



ရန်ကုန်၊ အောက်တိုဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးမြို့တွင် အောက်တိုဘာ ၈ ရက် ညပိုင်းက ထော်လာဂျီတစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ နမ့်တိန်းချောင်းအတွင်းသို့ ထိုးကျနစ်မြုတ်ခဲ့သဖြင့် ၁ ဦးသေဆုံးကာ ၄ ဦးပျောက်ဆုံးနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံမှ သိရသည်။

အခင်းဖြစ်ညက ဝမ်တိန်းကျေးရွာအနီး လင်းခေး-ဝမ်ဟတ်ကားလမ်း ကီလိုမီတာတိုင်အမှတ် (၂၉-၂၉.၅) ကြား၌ စိုင်းရွက် (၃၃) နှစ် မောင်းနှင်ပြီး ဒေါ်မယ်ထောက်လမ် (၆၂) နှစ်နှင့် မနန်းယိမ်း (၃၈) နှစ်တို့ပါ မ ၈ ဦး လိုက်ပါလာသော ထော်လာဂျီယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက် နမ့်တိန်းချောင်းအတွင်းသို့ ထိုးကျနစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

ထော်လာဂျီနစ်မြုတ်စဉ် စိုင်းရွက်ပါ ၄ ဦးမှာ ချောင်းစပ်တွင် ယာဉ်ပေါ်မှ ပြုတ်ကျခဲ့၍ လက်/ခြေပွန်းပဲ့ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဒေါ်မယ်ထောက်လမ်မှာမူ နဖူးပေါက်ပြဲဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။

ထော်လာဂျီချောင်းအတွင်း နစ်မြုပ်ရာတွင် မနန်းယိမ်းပါ ၄ ဦးမှာ ယာဉ်ပေါ်တွင်ပါသွားခဲ့ပြီး ချောင်းအတွင်းပျောက်ဆုံးနေ၍ လိုက်လံရှာဖွေလျှက်ရှိကြောင်း ရဲတပ်ဖွဲ့ဆိုသည်။

ထို့ကြောင့် ထော်လာဂျီယာဉ်မောင်း စိုင်းရွက်အား ဝမ်ဟတ်နယ်မြေရဲစခန်းမှ ယာဉ် (ပ) ၁/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၄-က/၃၃၈/၃၃၇(ပေါ့လျော့မှုကြောင့် လူသေမှု/ပြင်းထန်/ သာမန်နာကျင်စေမှု) တို့ဖြင့် ဖမ်းဆီးစစ်ဆေးလျှက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အေးချမ်းသူ