News

POST TYPE

NEWS

ကမ္ဘာ့နိုင်ငံအများအပြားတွင် အပူချိန်များ ထိုးတက်ခဲ့ကြောင်း သုတေသနလေ့လာချက်က ဖော်ပြ
09-Oct-2019

စခရက်မန်တို၊ အောက်တိုဘာ ၉

ကမ္ဘာ့မြောက်ဘက်ခြမ်း နိုင်ငံအများတွင် အပူချိန်စံချိန်တင်တက်သည့် ဒေသ ၄၀၀ လောက်ကို တွေ့ရှိထားကြောင်း အပူချိန်စံချိန်များကို သုံးသပ်သည့် သုတေသနတစ်ခုက ဖော်ပြထားသည်။

စံချိန်တင်အပူချိန်တက်ခဲ့သော နိုင်ငံ ၂၉ နိုင်ငံရှိပြီး၊ ပြီးခဲ့သည့် နွေကာလများဖြစ်သည့် မေလ ၁ ရက်နေ့မှသည် သြဂုတ် ၃၀ ရက်ကြား ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။

ဂျာမနီ၊ ပြင်သစ်နှင့် နယ်သာလန်တို့တွင် တစ်ကြိမ်ကမှ မကြုံခဲ့ဖူးလောက်သော ပမာဏဖြင့် ပူပြင်းခဲ့သည်ဟု ကိန်းဂဏန်းများက ဖော်ပြထားသည်။

ကယ်လီဖိုးနီးယားပြည်နယ် အခြေစိုက်သော ရာသီဥတုဆိုင်ရာ အင်စတီကျု Berkeley Earth က အဆိုပါ သုံးသပ်ချက်ကို ဆောင်ရွက်ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နွေကာလက ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် အပူဆုံးဆိုသည့် စံချိန်ကို ကြုံခဲ့ရသော ဖြစ်ရပ်ပေါင်း ၁၂၀၀ ခန့် ရှိခဲ့သည်ဟု စာရင်းက ဖော်ပြထားသည်။

မိုးလေဝသ စခန်းများတွင် ပြီးခဲ့သည့် နှစ်ပေါင်း ၄၀ အတွင်းက ရရှိထားသော အပူချိန်များကို ထည့်သွင်းကာ တိုင်းတာ ဆန်းစစ်ခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်နှစ်က ဥရောပတွင် အပူလှိုင်းဖြတ်သွားခဲ့ပြီး ဒေသအဆင့် နိုင်ငံအဆင့်အမြင့်ဆုံး အပူချိန်များကို ကြုံတွေ့ခဲ့ရသည်။

ပြင်သစ်နိုင်ငံတွင် နေ့အပူချိန်သည် ၄၆ ဒီဂရီစင်တီဂရိတ်အထိ တက်ခဲ့ပြီး ဗြိတိန်၊ ဘယ်ဂျီယံ၊ ဂျာမနီ၊ လူဇင်ဘာ့ဂ်နှင့် နယ်သာလန်တို့တွင်လည်း တစ်ခါမှ မကြုံဘူးသော ပမာဏအထိ အပူချိန်များတက်ခဲ့သည်။

“ဥရောပမှာ အပူချိန်က အမြင့်ဆုံးအဆင့်ကို ကြုံခဲ့ရတာ ဖြစ်ပါတယ်” ဟု Berkeley Earth မှ ထိပ်တန်းသိပ္ပံသုတေသီ ဒေါက်တာရောဘတ်ရိုဒီက ပြောကြားသည်။

ကမ္ဘာကြီးပူနွေးလာမှု၏ ကာလရှည် သက်ရောက်မှုများကို မြင်လာရခြင်း ဖြစ်ကြောင်း သုတေသနလေ့လာသူများက ပြောကြားသည်။

F-02