News

POST TYPE

NEWS

ရှင်ကျန်းပြည်နယ်မှ အူဂါမွတ်စလင်များ ဖိနှိပ်ခံရမှုနှင့်ဆက်နွှယ်သည့် တရုတ်အဖွဲ့အစည်းများကို ဝါရှင်တန်က အမည်ပျက်စာရင်းသွင်း
09-Oct-2019


ဝါရှင်တန်၊ အောက်တိုဘာ ၈ 

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ရှိ အူဂါမျိုးနွယ်မွတ်စလင်များကို ဖိနှိပ်မှုများ ပြုလုပ်ရာတွင် ပါဝင်ပတ်သက်သည်ဟု စွပ်စွဲခံထားရသည့် တရုတ်အဖွဲ့အစည်း ၂၈ ဖွဲ့ကို အမေရိကန်ပြည်ထောင်စုက အမည်ပျက်စာရင်း ထည့်သွင်းလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

ဝါရှင်တန်၏ သတ်မှတ်ပြဋ္ဌာန်းချက်အရ အဆိုပါတရုတ်အဖွဲ့အစည်းများသည် အမည်ပျက်စာရင်းတွင် စဝင်နေပြီဖြစ်ပြီး ယင်းစာရင်းဝင်ခြင်းကြောင့် ဝါရှင်တန်၏ ခွင့်ပြုချက်မရရှိဘဲ အမေရိကန်ကုမ္ပဏီများထံမှ ထုတ်ကုန်ပစ္စည်းများ ဝင်ယူခွင့်မရှိပေ။ 

တရုတ်အဖွဲ့အစည်း ၂၈ ခုတွင် အစိုးရအေဂျင်စီများနှင့် စောင့်ကြည့် ထောက်လှမ်းမှုများပြုလုပ်သည့် ကိရိယာများထုတ်လုပ်သော နည်းပညာကုမ္ပဏီများလည်း ပါဝင်သည်။ 

အမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန၏ ထုတ်ပြန်ချက်အရ ယင်းတရုတ်အဖွဲ့အစည်းများသည် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ဖိနှိပ်မှုများ ကျူးလွန်ရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဟု ဆိုသည်။ 

လူ့အခွင့်အရေး အဖွဲ့များကမူ ဘေဂျင်း (တရုတ်) အစိုးရသည် အူဂါမွတ် စလင်များကို ထိန်းသိမ်းရေးစခန်းများတွင် ထားကာ ဖိနှိပ်ညှဉ်းပန်းမှုများပြုလုပ်နေသည်ဟု ဆိုသည်။ 

ယင်းထိန်းသိမ်းရေးစခန်းများတွင် အူဂါမွတ်စလင်များကို အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေးခြင်းဖြင့် အစွန်းရောက်အယူဝါဒများ ကြီးထွားမှုကို တိုက်ဖျက်နေခြင်းဖြစ်သည်ဟု တရုတ် အစိုးရက ဆိုသည်။ 

အမေရိကန်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာနက ယင်းတရုတ်အဖွဲ့ အစည်း ၂၈ ခုသည် အူဂါ၊ ကာဇက်နှင့် အခြားမွတ်စလင်လူနည်းစုများကို အဆင့်မြင့်နည်းပညာကိရိယာများဖြင့် စောင့်ကြည့်ခြင်း၊ ထိန်းသိမ်းပြီး ဦးနှောက်ဆေးသည့် သင်တန်းများ ဖိအားပေးတက်ခိုင်းခြင်း၊ ဖိနှိပ်ညှဉ်းပန်းခြင်းတို့ ပြုလုပ်နေသည်ဟု ဆိုသည်။ 

ရှင်ကျန်းပြည်နယ် ပြည်သူ့လုံခြုံရေး ဗျူရိုအဖွဲ့လည်း အမေရိကန်အစိုးရ၏ အဆိုပါ အမည်ပျက်စာရင်းတွင် ထည့်သွင်းခံခဲ့ရသည်။ 

Hikvision၊ Dahua နည်းပညာနှင့် Megvii နည်းပညာကုမ္ပဏီတို့လည်း အဆိုပါ စာရင်းတွင်ထည့်သွင်းခံရသည်။ ယင်းကုမ္ပဏီများသည် လူမျက်နှာကို မှတ်သားသည့်နည်းပညာ (Facial Re-coginition Technology) များအဓိက ထုတ်လုပ်သည်။ 

သို့သော် ယခုလို တရုတ်အဖွဲ့အစည်းများအား ကူးသန်းရောင်းဝယ်ရေးနှင့်ဆိုင်သော ကန့်သတ်ပိတ်ပင်မှုများပြုလုပ်ခြင်းသည် ပထမဆုံးအကြိမ်မဟုတ်ပေ။ 

ပြီးခဲ့သည့် မေလတွင် သမ္မတထရမ့် အုပ်ချုပ်ရေးအဖွဲ့က တရုတ်ဧရာမနည်းပညာ ကုမ္ပဏီဖြစ်သော Huawei ကို အမည်ပျက် စာရင်းထည့်သွင်းလိုက်သည်။ Huawei ၏ ထုတ်ကုန်များသည် လုံခြုံရေးအတွက် စိုးရိမ်ရသည်ဟူသော အကြောင်းပြချက်ဖြင့် ယင်းစာရင်းသွင်းလိုက်ခြင်းဖြစ်သည်။ 

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် လတ်တလော အနေအထားတွင် ကုန်သွယ်ရေးစစ်ဖြစ်လျက်ရှိပြီး တရုတ်နိုင်ငံက နှစ်နိုင်ငံကြား တင်းမာမှုများ လျော့ကျစေရေးအတွက် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ဝါရှင်တန်သို့ ယခုသီတင်းပတ်အတွင်း စေလွှတ်မည်ဟု သိရသည်။ 

F-01


  • VIA