News

POST TYPE

NEWS

ဆောင်းရာသီချေးငွေတွင် သီးနှံအမည်အသစ်များ ထပ်တိုးထုတ်ချေးမည်
09-Oct-2019
ရန်ကုန်၊ အောက်တိုဘာ ၈

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွက် ဆောင်းရာသီချေးငွေမှစတင်၍ သီးနှံ ၁၄ မျိုးအပြင် သီးနှံအမည်အသစ်များ ထပ်တိုးထုတ်ချေးမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

ထပ်တိုးချေးမည့် သီးနှံအမျိုးအစားများတွင် ပဲမျိုးစုံ ၄ မျိုးဖြစ်သည့် (ထောပတ်ပဲ၊ ပဲကြီး၊ ပဲယဉ်၊ စားတော်ပဲ)၊ ဆီထွက်သီးနှံ ၂ မျိုးဖြစ်သည့် (ပန်းနှမ်း၊ နေကြာ)၊ စားဖိုဆောင်သီးနှံ ၂ မျိုးဖြစ်သည့် (ကြက်သွန်နီ၊ ငရုတ်) စသည့်ပြည်ပ ပို့ကုန်နှင့် ပြည်တွင်းတွင် စားသုံးမှုများသည့် အခြားသီးနှံ ၈ မျိုးကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ယင်းဘဏ်ထံမှ သိရသည်။

ဆောင်းချေးငွေများကို ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလကုန်အထိ ထုတ်ချေးပေးမည်ဖြစ်ပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကာ မိုးကြိုချေးငွေကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလဆန်းမှ မတ်လကုန်အထိ ထုတ်ချေးပေးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကုန်နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။

ထို့ပြင် မိုးချေးငွေကို ၂၀၂၀ ပြည့်နှစ် မေလဆန်းမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဧပြီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ထံမှ သိရသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် သီးနှံအမျိုးအစားအလိုက် စပါး တစ်ဧကကို ကျပ်တစ်သိန်းခွဲ၊ အခြားသီးနှံများနှင့် ချက်ကြံကို တစ်ဧက ကျပ်တစ် သိန်းနှုန်းဖြင့် တောင်သူတစ်ဦးချင်းပိုင်ဆိုင်သည့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက် မှတ်ပုံစံ ၇ မူရင်းကို ဘဏ်ကအပေါင်အဖြစ်ရယူကာ တောင်သူတစ်ဦးချင်း ကိုယ်တိုင်အာမခံသည့်စနစ်ဖြင့် ချေးငွေများရယူနိုင်သည်။

“ကြံစိုက်တောင်သူတွေက ပုံစံ ၇ မရှိတဲ့သူတွေများတော့ အစိုးရကပေးတဲ့ ချေးငွေရတဲ့သူနည်းတယ်။ တခြားအပြင်က ချေးငွေတွေပဲယူပြီး ချေးကြတာများတယ်”ဟု ကြံစိုက်တောင်သူတစ်ဦးက ပြောကြားသည်။

သီးနှံအမျိုးအစားအလိုက်ချေးငွေများကို ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် စပါးချေးငွေနှုန်းထားကို တစ်ဧကကျပ်တစ်သိန်းမှ တစ်သိန်းခွဲသို့လည်းကောင်း၊ အခြားသီးနှံကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ကျပ်နှစ်သောင်းမှ ကျပ်ငါးသောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် ကျပ်ငါးသောင်းမှ ကျပ်တစ်သိန်းသို့လည်းကောင်း ချေးငွေနှုန်းထားများကို သုံးကြိမ်တိုးမြှင့် ထုတ်ချေးပေးခဲ့သည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေနှင့် လုပ်ကွက်ငယ်တောင်သူများအတွက် နှစ်စဉ်စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိပြီး တောင်သူများအနေနှင့် ချေးငွေအဆိုပြုလွှာများကို အချိန်မီတင်ပြနိုင်ရေးအတွက် မိမိတို့ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ချေးငွေစိစစ်ရေးအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ် ဘဏ်ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ကြရန် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အသိပေးထုတ်ပြန်ထားသည်။  

J-11


  • VIA