News

POST TYPE

NEWS

ဒဂုံမြို့သစ် (၄) မြို့နယ်တွင် CCTV ကင်မရာများ တပ်ဆင်မည်
01-Oct-2019

ရန်ကုန်၊ အောက်တိုဘာ ၁

ဒဂုံမြို့သစ် (၄) မြို့နယ်ရှိ လမ်းဆုံလမ်းခွများ၌ CCTV ကင်မရာများတပ်ဆင်ရန် ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက (၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အခမ်းအနားတွင် ပြောကြားခဲ့သည်။

CCTV ကင်မရာများကို ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ (တောင်ပိုင်း) နှင့် ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ လမ်းဆုံလမ်းခွ ၂၆ နေရာ၌ တပ်ဆင်မည်ဖြစ်ပြီး အဆိုပါ နေရာများမှာ မှုခင်းဖြစ်ပွားနိုင်ခြေ အလားအလာရှိသည့် နေရာများဖြစ်သဖြင့် တပ်ဆင်ရန်စီစဉ်လျက်ရှိပြီး Pilot Project မြို့နယ်အဖြစ် ရွေးချယ်သတ်မှတ်ထားသော တောင်ဥက္ကလာပမြို့နယ်တွင်လည်း လမ်းဆုံလမ်းခွ ၁၀ နေရာ၌ CCTV ကင်မရာ တပ်ဆင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဦးဖြိုးမင်းသိန်းက ဆိုသည်။

ရန်ကုန်မြို့တော်တွင် မှုခင်းဖြစ်ပွားမှုကျဆင်းစေရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က၂၀၁၈-၁၉ ဘဏ္ဍာနှစ်တွင် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာ လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံး၌ Command and Control Center တည်ဆောက်ခဲ့ပြီး ရန်ကုန်မြို့အတွင်း အချက်အချာကျသည့် နေရာများ၊ အများပြည်သူ အပန်းဖြေသည့် နေရာများနှင့် မှုခင်းဖြစ်ပွားရန် အလားအလာရှိသည့် နေရာများတွင် CCTV ကင်မရာ အလုံး ၂၄၀ ကို ကျပ်သိန်းတစ်သောင်းကျော် အကုန်ကျခံပြီး တပ်ဆင်ခဲ့သည်။

S-03