News

POST TYPE

NEWS

တနင်္သာရီဝန်ကြီးချုပ်ဟောင်းအမှု လိုပြသက်သေအဖြစ် တိုင်းလွှတ်တော်ဥက္ကဋ္ဌကို စစ်မည်
01-Oct-2019



ထားဝယ်၊ အောက်တိုဘာ ၁

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားသည့် တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်၏ အမှုတွင် တရားလိုပြသက်သေအဖြစ် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးအား စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းဒေသကြီး တရားလွှတ်တော်ရုံးထံမှ သိရသည်။

အမှု၏ ၃၃ ကြိမ်မြောက်ရုံးချိန်းဖြစ်သည့် အောက်တိုဘာလ ၇ ရက်နေ့တွင် စစ်မေးမည်ဖြစ်ကြောင်း တိုင်းတရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဆိုသည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် အမှုလေးမှု တရားစွဲဆိုထားပြီး ယင်းအမှုလေးခုအနက် နှစ်မှုတွင် GGS ကုမ္ပဏီတာဝန်ရှိသူများ ပါဝင်သည်။

တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးကို အထက်ပါအမှု လေးမှုစလုံးအတွက် တရားလိုပြသက်သေအဖြစ် စစ်မေးမည်ဖြစ်ကြောင်း ဒေါ်အေးအေးသန်းက ဆိုသည်။

“တရားလိုပြသက်သေ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးကို စစ်ဆေးဖို့ ချိန်းဆိုထားတာပဲဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

အမှု၏ ၃၂ ကြိမ်မြောက်ရုံးချိန်းကို အောက်တိုဘာလ ၁ ရက်နေ့က စစ်ဆေးခဲ့ပြီး ထားဝယ်လေယာဉ်ကွင်းအတွင်း သစ်ပင်ချုံနွယ်များကို ငွေကျပ်သိန်းလေးထောင်ဖြင့် ရှင်းလင်းခဲ့သည့် F22 ကုမ္ပဏီ၏ မန်နေးဂျင်းဒါရိုက်တာဖြစ်သူ ဦးဇံသီး (ခေါ်) ဦးဆန်နီနှင့် အခြားအမှုမှ လိုပြသက်သေများကိုလည်း စစ်ဆေးခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုတွင် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးကြည်စိုးကိုလည်း တရားလိုပြသက်သေအဖြစ် စစ်ဆေးခဲ့ပြီးဖြစ်သည်။

Dawei Watch