News

POST TYPE

NEWS

ပြည်ကြီးမဏ္ဍိုင်တွင် ရွာပြောင်းရွှေ့ရန် အမိန့်ထုတ်၊ မရွှေ့ပေးနိုင်ဟု ရွာသားများတုံ့ပြန်
01-Oct-2019

ပြည်ကြီးမဏ္ဍိုင်၊ စက်တင်ဘာ ၃၀

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ရှိ ထောင်ငါးသိုင်းကျေးရွာအုပ်စု၊ ချောင်းမွန်ရွာသစ်ကို ၁၅ ရက်အတွင်း ရွှေ့ပြောင်းပေးရန် မြို့လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။

စက်တင်ဘာ ၁၁ ရက် နေ့စွဲပါ စာဖြင့် အမိန့်ထုတ်လိုက်ခြင်းဖြစ်သည်။

ချောင်းမွန်ရွာသစ်ရှိ မြေ ၁၆ ဒသမ ၅၇ ဧကမှာ နိုင်ငံတော်စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေလွတ်၊ မြေရိုင်း ဖြစ်နေသည့်အတွက် ကျူးကျော်အဖြစ်သတ်မှတ်ပြီး ၁၅ ရက်အတွင်းရွှေ့ပေးရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း စက်တင်ဘာလ ၃၀ ရက်အထိ ရွာသားများ မရွှေ့ပြောင်းခဲ့ပေ။

ရွာပြောင်းရွှေ့ရန် အမိန့်ထုတ်ပြန်လိုက်ခြင်းအပေါ် ချောင်းမွန်ရွာနှင့် ချောင်းမွန်ရွာသစ်မှ ဒေသခံ ခြောက်ဆယ်ကျော်တို့က စက်တင်ဘာလ ၂၄ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ၎င်း တို့အနေနှင့် လုံးဝမပြောင်းရွှေ့ပေးနိုင် ကြောင်း ပြောဆိုကြသည်။

“ကျွန်တော်တို့ လုံးဝမပြောင်းရွှေ့ပေးနိုင်ဘူး။ ဒီနေရာဟာ ရွာပိုင်မြေဖြစ်တဲ့အကြောင်း ကျေးရွာဥက္ကဋ္ဌဟောင်းတွေရဲ့ အထောက်အထား အတည်ပြုချက်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးကိုလည်း ကျွန်တော်တို့တင်ပြပြီးပါပြီ”ဟု ချောင်းမွန် ရွာသစ်တွင်နေထိုင်သည့် ဦးအောင်မိုးထွေးက ပြောကြားသည်။

ချောင်းမွန်ရွာသစ်တွင် အိမ်ခြေ ၁၃၀ ရှိပြီး အများစုမှာ ယခင်ယုဇန ဆီအုန်းကုမ္ပဏီတွင် လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး လက်ရှိအချိန်တွင် ကုမ္ပဏီမှ အလုပ်ထွက်ကာ ယာယီအိမ်များဆောက်လုပ်၍ နေထိုင်နေကြခြင်းဖြစ်သည်။

ချောင်းမွန်ရွာသစ်အဖြစ်လက်ရှိ ဝင်ရောက် နေထိုင်နေကြသည့် မြေသည် နိုင်ငံတော်စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် မြေလွတ် မြေလပ် မြေရိုင်းဖြစ်နေပြီး ခွင့်ပြုမိန့် တစ်စုံတစ်ရာမရှိဘဲ ဝင်ရောက်နေထိုင်သည့်အတွက် ဥပဒေလုပ်ထုံးလုပ်နည်းအရ စာထုတ်ရခြင်းဖြစ်ကြောင်း ပြည်ကြီးမဏ္ဍိုင်မြို့၊ လယ်ယာမြေနှင့်စာရင်းအင်း ဦးစီးဌာန၏ ယာယီဦးစီးမှူး ဦးစိုင်းစိုးဝင်းက ပြောဆိုသည်။

“ရွာဟောင်းကရှိနေပြီးသား၊ အခုက ရွာသစ်ပုံစံမျိုးဖြစ်သွားတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူး တာဝန်ခံပြီးတော့ ရွာမြေအဖြစ် ပြန်လျှောက်ဖို့လိုတယ်။ လျှောက်ဖို့ နည်းလမ်းတွေ မြေပုံတွေကိုလည်း ကျွန်တော်က ဆွဲပေးထားပြီးသား။ သူအလုပ်မလုပ်ရင်တော့ ကျွန်တော်တို့လည်း မတတ်နိုင်ဘူးပေါ့”ဟု ဦးစိုင်းစိုးဝင်းက ဆိုသည်။

၁၅ ရက်အတွင်း ပြောင်းရွှေ့ခိုင်းသည့် အမိန့်ကို မလိုက်နာပါက နောက်ထပ် ၇ ရက်ပြည့်သည့်အချိန် နောက်ထပ် သတိပေးစာ ထပ်ထုတ်ရမည်ဖြစ်ကြောင်း ဦးစိုင်းစိုးဝင်းက ပြောဆိုသည်။

နောက်ထပ် ရက်ချိန်းပေးသည်အထိ မပြောင်းရွှေ့ပါက ခရိုင်၊ တိုင်း လယ်ယာမြေနှင့် စာရင်းအင်းဦးစီးဌာနများထံ တင်ပြသွားမည်ဖြစ်ပြီး ယင်းဌာနများ၏ ညွှန်ကြားချက်များအတိုင်း ဆက်လက် ကိုင်တွယ်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ချောင်းမွန်ရွာသစ်တွင် နေထိုင်သူများသည် နေထိုင်ရန်မြေမရှိသည့် နိုင်ငံသူ နိုင်ငံသားများဖြစ်နေသည့်အတွက် အတင်းအဓမ္မမောင်းထုတ်ခြင်းမပြုလုပ်ဘဲ ငဲ့ညှာစဉ်းစားပေးစေလိုကြောင်း ထောင်ငါးသိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလွင်မိုးသူက ပြောကြားသည်။

လက်ရှိနေရာကို မဖြစ်မနေ စွန့်ခွာရမည်ဆိုလျှင် တောတောင်များအတွင်း သွားရောက်နေထိုင်ရမည်ဖြစ်ပြီး သွားလာ စားသောက်လုပ်ကိုင်ရေးအတွက် အခက်အခဲအများကြီး ကြုံရမည်ဖြစ်ကြောင်း ချောင်းမွန်ရွာသစ်တွင် နေထိုင်သူတို့က ဆိုသည်။
 
“တောဆင်ရိုင်းနင်းလို့ သေမလား ငတ်ပြီးတော့သေမလား။ ကျွန်မတို့မှာ ပြေးစရာမြေမရှိသလိုပေးစရာလည်း ငွေလည်းမရှိဘူး”ဟု ယင်းရွာသစ်တွင် နေထိုင်သည့် ဒေါ်ပြုံးက ပြောကြားသည်။

Dawei Watch