POST TYPE

NEWS

အိမ်ငှားဈေးကျဆင်းရန် အစိုးရအငှားအိမ်ရာများ ထပ်မံဆောက်လုပ်မည်
01-Oct-2019
ရန်ကုန်၊ စက်တင်ဘာ ၃၀

ဈေးကွက်အတွင်း မြင့်တက်နေသည့် အိမ်အငှားဈေးနှုန်းများ ကျဆင်းစေရန် အစိုးရအငှားအိမ်ရာများ ထပ်မံ ဆောက်လုပ်မည်ဖြစ်ကြောင်း ပြည်သူ့အိမ်ရာ ရောင်းချရေးကော်မတီထံမှ သိရသည်။

“အငှားအိမ်ရာနေထိုင်သူတွေအနေနဲ့လည်း ကော်မတီလာပြောတာတွေ၊ တောင်းဆိုတာမျိုးတွေလည်း ရှိတယ်”ဟု အဆိုပါကော်မတီ အတွင်းရေးမှူး ဦးညီညီက ပြောဆိုသည်။

လက်ရှိတွင် ဗန္ဓုလအငှားအိမ်ရာတွင် အိမ်ရာ ၁၀ လုံး ပြန်လည်ဆောက်လုပ်လျက်ရှိပြီး အဆိုပါအိမ်ရာရှိအခန်းများကို လာမည့် ဒီဇင်ဘာတွင် တစ်လလျှင် ၃၀,၀၀၀ ကျပ်နှင့် ထိန်းသိမ်းစောင့်ရှောက်ခ ၆၀၀၀ ကျပ်ဖြင့် နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆိုပါကော်မတီထံမှသိရသည်။

ဈေးကွက်အတွင်း အိမ်ငှားရမ်းခသည် အနိမ့်ဆုံး ကျပ် ၆၀,၀၀၀ မှ သိန်းဂဏန်းအထိ မြင့်တက်နေသဖြင့် အဆိုပါ ငှားရမ်းခများသက်သာစေရန် အငှားအိမ်ရာများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

“အိမ်ရာအသစ်ဖော်ဆောင်ဖို့ နေရာတွေရှာနေတယ်။ ဒါတွေကို သက်ဆိုင်ရာအလိုက် ညှိနှိုင်းပြီးရင် အကောင်အထည်ဖော်သွားမယ်။ အခုမြင့်တက်နေတဲ့ အငှားဈေးလည်း ပြုတ်ကျသွားနိုင်တယ်” ဟု ဦးညီညီက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် အငှားအိမ်ရာများကို ၂၀၁၆ ခုနှစ် မတ်လက လျှောက်လွှာများစတင်ရောင်းချခဲ့ပြီး အခန်းပေါင်း ၁၁၅၀ ကျော်မှ ပထမတန်းစီဇယားတွင် ပါဝင်သူ ၂၅၀ ဦးနှင့် မဲနှိုက်ရွေးချယ်သူ ၁၄၀၀ ကို မဲစနစ်ဖြင့် ငှားရမ်းနေထိုင်ခွင့်ရရှိသူများကို ရွေးချယ်ခဲ့ကြောင်း တိုင်းဒေသကြီး အစိုးရ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။  

ပြည့်ဖြိုးမြင့်မွန်