News

POST TYPE

NEWS

ညဈေးမှ လမ်းဘေးဈေးသည်များ ဆိုင်ခန်းနေရာချပေးမှုမကျေနပ်သောကြောင့် ဆန္ဒပြမည်
01-Oct-2019
ရန်ကုန်၊ စက်တင်ဘာ ၃၀

ကမ်းနားလမ်းညဈေးတွင် ရောင်းချနေသည့် ပစ္စည်းအဟောင်းများ ရောင်းချသည့် ဈေးသည် ၁၅၀ ကျော်မှ ဆိုင်ခန်းချပေးမှုနှင့်ပတ်သက်ပြီး မျှတမှုမရှိသည့်အတွက် တိုင်ကြားထားသည့်အပေါ် ထူးခြားမှုမရှိပါက ဆူးလေမြို့တော်ခန်းမရှေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်သည်။

အဆိုပါ ကမ်းနားလမ်းညဈေးရှိ ပန်းဆိုးတန်းနှင့် ဆူးလေဘုရားလမ်းကြားရှိ မြေနေရာတွင်ရောင်းချနေသည့် လမ်းဘေးဈေးသည် ၁၅၀ မှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးများထံ တိုင်ကြားထားသော်လည်း တစ်လကျော်အထိ ထူးခြားမှုမရှိသေးကြောင်း ပစ္စည်းအဟောင်း ရောင်းချသည့် ဈေးသည်များက ပြောကြားသည်။

ကမ်းနားလမ်းညဈေးကို ယခင်က ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်းနှင့် ယခုလက်ရှိတွင် ကမ်းနားလမ်း ညဈေးနေရာကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးခဲ့ပြီး နေရာချပေးထားရာတွင် ပွင့်လင်းမြင်သာမှုမရှိသောကြောင့် တိုင်ကြားရခြင်းဖြစ်ကြောင်း ဖုန်းအဟောင်းများ ရောင်းချသူ ကိုဇေယျာက ပြောကြားသည်။

“ကုမ္ပဏီက လွှဲယူပြီး ဆိုင်ခန်းချတော့ ပန်းဘဲတန်းက ပြောင်းလာတာက ၃၁၁ ခန်း၊ ကျောက်တံတားစည်ပင်ကိုကျတော့ ဆိုင်ခန်း ၂၃၀ အခုဆိုင်ခန်း ၉၀ ကျော်က ပျောက်နေတယ်။ အခုလက်ရှိ ဈေးလူကြီး ၅ ယောက်ကလည်း ဘယ်သူမှ ခန့်ထားတာမဟုတ်ဘူး။ သူတို့ဟာသူတို့ ဆိုင်ခန်းတွေကို သူတို့လူတွေကို ရောင်းဝယ်ငှားလုပ်နေကြတယ်။ အခုကစည်ပင်ကို စာတင်တာတစ်လကျော်ပေမယ့် မဖြေရှင်းပေးသေးဘူး”ဟု ကိုဇေယျာက ဆိုသည်။

ယခုလက်ရှိ ဈေးသည်လူဟောင်း ၁၅၀ မှာ ကမ်းနားလမ်းညဈေးတန်းနေရာတွင် အိမ်သာနားများတွင် ကပ်ရောင်းနေရပြီး ပန်းဘဲတန်းမြို့နယ်၊ ရွှေဘုံသာလမ်း တစ်လျှောက်တွင် ဈေးရောင်းချနေသည့် ဈေးသည် ၃၀၀ ကျော်ကို ကမ်းနားညဈေးနေရာသို့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်နေ့တွင် ရွှေ့ပြောင်းပေးခဲ့သည်။

ရွှေဘုံသာလမ်း အရပ်အခေါ် ဘိန်းစားတန်း (သူခိုးတန်း) တွင် ရောင်းချနေ သည့် ဈေးသည်များကို ကမ်းနားလမ်း ညဈေးတန်းနေရာတွင် အီလက်ထရောနစ်ပစ္စည်းအဟောင်းများ၊ ဖုန်းအဟောင်းများ၊ လူအသုံးအဆောင်ပစ္စည်း တပတ်နွမ်းများ ရောင်းချသည့်ဆိုင်များကို လေးပေပတ်လည်၊ အစားအသောက်ဆိုင်များကို ရှစ်ပေပတ်လည် အကျယ်ဆိုင်ခန်းများ နေရာချပေးထားခဲ့သည်။

ညဈေးတန်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ပြီး မြို့တွင်းလေးမြို့နယ်မှ လမ်းဘေးဈေးသည်များကို ညနေ ၃ နာရီမှ ည ၁၁ နာရီထိ ရောင်းချခွင့်ပေးထားသည်။

J-10


  • VIA