POST TYPE

NEWS

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာများသည် တရားမျှတမှု၊ မှန်ကန်တိကျမှုမရှိဟု မြန်မာတုံ့ပြန်
01-Oct-2019
ရန်ကုန်၊ စက်တင်ဘာ ၃၀

ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာများသည် တရားမျှတမှု၊ မှန်ကန်တိကျမှု မရှိသည့်အပြင် ရခိုင်ပြည်နယ် ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်း ခြင်းမရှိကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပပြုလုပ်နေသော (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဦးကျော်တင့်ဆွေက စက်တင်ဘာလ ၂၈ ရက်တွင် တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေးအဖွဲ့ FFM ၏ အစီရင်ခံစာများသည် အလုံးစုံ တစ်ဖက်စောင်းနင်း ဖြစ်နေပြီး အချက်အလက်များ မှားယွင်းနေကာ ခိုင်လုံသည့်အချက်အလက်များကို အခြေမခံဘဲ နှုတ်ပြောဇာတ်ကြောင်းများကိုသာ အခြေခံထားကြောင်း နောက်ဆုံးထုတ်ပြန်ခဲ့သည့် အစီရင်ခံစာများက ပိုမို ဆိုးရွားနေပြီး ရခိုင်ပြည်နယ်၏ စိန်ခေါ်မှုများကို ဖြေရှင်းရန် စစ်မှန်သည့် စိတ်ဆန္ဒထက် ဒီမိုကရေစီနည်းကျ တင်မြှောက်ထားသည့် မြန်မာအစိုးရနှင့် ပြည်သူများကို ရန်လိုမုန်းထားလုပ်ဆောင်ခြင်းဟု သုံးသပ်ရမည်ဖြစ်ပြီး ICC ဥပဒေ ပညာရှင်များအနေနှင့် ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို လူအမြောက်အမြား စွန့်ခွာထွက်ပြေးတဲ့ကိစ္စကိုသာ အလေးထားနေပြီး၊ နေရပ်စွန့်ခွာမှုကို ဖြစ်စေသည့် ကျယ်ပြန့်သည့် လတ်တလောနှင့် ရေရှည်အကြောင်းတရားများတွင် ပါဝင်ပတ်သက်သူတွေနဲ့ စပ်လျဉ်းလို့တော့ ရေငုံနှုတ်ပိတ်လျက်ရှိကြောင်း ယင်းသို့နှုတ်ပိတ်နေခြင်းသည် ICC နှင့် မြန်မာပြည်သူများအကြား သဘောထား ပိုမိုဝေးကွာသွားစေမည်ဖြစ်ကြောင်း ဦးကျော်တင့်ဆွေက ဆက်လက်ပြောကြားသည်။ 

“ICC နဲ့ ပတ်သက်လို့ ကျွန်တော် တို့ရဲ့ ရပ်တည်ချက်က ရှင်းပါတယ် ICC ဟာ မြန်မာနိုင်ငံအပေါ်မှာ တရားစီရင် ပိုင်ခွင့်မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးဦးကျော်တင့်ဆွေ၏ အဆိုပါ မိန့်ခွန်းမှာ ကောင်းမွန်သော်လည်း ၎င်းအနေနှင့် နိုင်ငံခေါင်းဆောင်တစ်ဦး မဟုတ်သည့်အတွက် ထိရောက်မည့်ဖိအားပေးနိုင်မည့် အခြေအနေမဟုတ်ကြောင်း ယင်းညီလာခံတွင် ကမ္ဘာ့ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်သည့်အတွက်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်တက်ရောက်သင့်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာထွန်းအောင်က ပြောကြားသည်။

“အခုက နိုင်ငံရေးစင်မြင့်မှာ ဒီဖိအားတွေလျှော့ချဖို့ဆိုရင် ခေါင်းဆောင်တွေကိုယ်တိုင် ထွက်ပြောဖို့ လိုအပ်တာပေါ့။ ဒီညီလာခံဆိုတာ တကယ်ကို ကမ္ဘာ့ခေါင်းဆောင်ကြီးတွေ လာတာဆိုတော့။ ပြီးတော့ ICC တို့ ဘာတို့ဆိုတာကလည်း သူတို့ အတင်းတွန်းထည့်နေတာ။ ဒါကို ပြန်ရုန်းထွက်ဖို့လိုတယ်” ဟု ၎င်းက ရှင်းပြသည်။

ကုလသမဂ္ဂအထွေထွေ ညီလာခံတွင် အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်ခေါင်းဆောင်များ တက်ရောက် မိန့်ခွန်းပြောကြားခဲ့ကြပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံခေါင်းဆောင်များဖြစ်ကြသည့် သမ္မတ ဒေါ်နယ်ထရမ့်၊ ဝန်ကြီးချုပ် နရင်ဒရာမိုဒီတို့လည်း တက်ရောက် မိန့်ခွန်းပြောကြားသွားခဲ့ကြသည်။

J-08