News

POST TYPE

NEWS

ရွေးကောက်ပွဲအတွက် ရပ်မိရပ်ဖများကို ကိုယ်စားလှယ်လောင်း ရွေးချယ်စေမည်ဟု NLD ဆို
30-Sep-2019
မန္တလေး၊ စက်တင်ဘာ ၃၀

လာမည့်အထွေထွေရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာတွင် ပါတီတစ်ခုတည်းက ရွေးချယ်မည်မဟုတ်ဘဲ ၁၉၉၀ ရွေးကောက်ပွဲကကဲ့သို့ ရပ်မိရပ်ဖများက ရွေးချယ်ပြီး ပါတီသတ်မှတ်ထားသည့် အရည်အချင်းများနှင့် ကိုက်ညီသူများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

“ကိုယ်စားလှယ်တွေကို အရင် စည်းကမ်းချက်တွေအတိုင်းပဲ ရွေးချယ်မှာပါ။ ခုပြောဖို့တော့ စောသေးပါတယ်။ သေချာတာတစ်ခုကတော့ ရွေးချယ်ရာမှာ ရပ်မိရပ်ဖတွေပါလာမှာပါ။ ၉၀ ရွေးကောက်ပွဲတုန်းကလည်း ပါတီက တစ်ယောက်ပဲ ထိုင်ပြီးတော့ ကျန်တာက ရပ်မိရပ်ဖတွေက ရွေးတာ။ ခုတစ်ခါလည်း အဲဒါကို ပြန်အကောင်အထည်ဖော်ဖို့ စဉ်းစားထားတယ်”ဟု ၎င်းကရှင်းပြသည်။

လက်ရှိ လွှတ်တော်ကိုယ်စားလှယ်များကိုလည်း အကဲဖြတ်မှတ်တမ်းထားရှိထားရာ လက်ရှိကိုယ်စားလှယ်များလည်း သတ်မှတ်ထားသည့် မူများအရ၊ မှတ်တမ်းများအရ ပြန်လည်စိစစ်မည်ဖြစ်ပြီး ပြန်လည်ရွေးချယ်မှုများလည်း ပြုလုပ်မည်ဖြစ်ကြောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲတွင် အောင်နိုင်ရေးအဖွဲ့ကိုလည်း ပြန်လည်ဖွဲ့စည်းသွားမည်ဖြစ်ပြီး ယင်းအဖွဲ့တွင်လည်း ရပ်မိရပ်ဖများပါဝင်ဖွဲ့စည်းသွားမည်ဖြစ်ကာ အောင်နိုင်ရေးသီးသန့် လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

“ကျွန်တော်တို့ရဲ့ ကြားဖြတ်မှာ သင်ခန်းစာယူစရာတွေက အားနည်းချက်တွေကို ပြန်သုံးသပ်မယ်။ ကိုယ်စားလှယ်တွေက ကိုယ့်မဲဆန္ဒနယ်မှာမပါရင် အခြားနယ်တွေမှာ စည်းရုံးရေးသွားပြီးတော့ မလုပ်ဘူး။ အစိုးရဝန်ကြီးချုပ်တွေက မဲဆန္ဒနယ်တွေကို သွားရမယ့်ဟာတွေ မသွားခဲ့ဘူး။ ဒါတွေကို ကျွန်တော်တို့ သင်ခန်းစာယူပြီး လုပ်သွားမှာပါ”ဟုလည်း ပြောဆိုသည်။

NLD ပါတီအနေနှင့် ယခုလ ၁၉ ရက်နေ့က ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအစည်းအဝေးတွင် ပါတီအောင်နိုင်ရေးအပါအဝင် ရှေ့လုပ်ငန်းစဉ် သုံးရပ်ကို အတည်ပြုခဲ့သည်။

M-04