News

POST TYPE

NEWS

ဘေဂျင်းမြို့ တိန်ယန်မင်ရင်ပြင်၌ ဧရာမစစ်ချီပွဲနှင့် စစ်ရေးအင်အားပြအခမ်းအနားကြီးကျင်းပရန် တရုတ်စီစဉ်
30-Sep-2019

ဘေဂျင်း၊ စက်တင်ဘာ ၃၀

တရုတ်နိုင်ငံတွင် ကွန်မြူနစ်ပါတီ အုပ်ချုပ်မှုနှင့် နိုင်ငံတော်ထူထောင်ခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ဧရာမ စစ်ချီအခမ်းအနားကြီးတစ်ရပ်ကို အောက်တိုဘာလ ၁ ရက်နေ့ (အင်္ဂါနေ့)တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အဆိုပါ စစ်ချီအခမ်းအနားကြီးတွင် တရုတ်ပြည်တွင်းလုပ်လက်နက်သစ်များကိုလည်း ထုတ်ဖော်ပြသသွားရန် စီစဉ်ထားသည်။ ကမ္ဘာပေါ်တွင် စစ်ရေးဘတ်ဂျက် အများဆုံးနိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်ပြည်အနေနှင့် မည်သို့သော လက်နက်အသစ်အဆန်းများ ထုတ်ဖော်ပြသမည်ဆိုသောအချက်ကို စစ်ရေးလေ့လာသူများက စောင့်ကြည့်လျက်ရှိသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ထူထောင်ခြင်း နှစ်ပေါင်း ၇၀ ပြည့်သည့် အောက်တိုဘာလ ၁ ရက်နေ့တွင် အခမ်းအနားကြီး အမြောက်အမြား ကျင်းပမည်ဖြစ်ပြီး ယင်းစစ်ချီပွဲအခမ်းအနားမှာလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ကျင်းပခြင်းဖြစ်သည်။

စစ်ချီပွဲကို ဘေဂျင်းမြို့ရှိ နာမည်ကျော် တိန်ယန်မင်ရင်ပြင်တွင် ကျင်းပမည်ဖြစ်ပြီး သီးသန့်ရွေးချယ်ထားသော ပြည်သူများနှင့် နိုင်ငံပေါင်း ၉၇ နိုင်ငံမှ စစ်သံမှူး ၁၈၈ ဦးတို့ တက်ရောက်မည် ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ယခုစစ်ချီပွဲသည် တရုတ်ပြည်၏ စစ်ရေးအင်အားကို ကြွားဝါသည့်သဘောဖြင့် ထုတ်ဖော်ပြသခြင်းမျိုးမဟုတ်ဘဲ ငြိမ်းချမ်းမှု၊ ချစ်ကြည်မှုနှင့် တာဝန်ယူမှုရှိသော တရုတ်နိုင်ငံဖြစ်သည်ဆိုသောအချက်ကို ပြသရုံသာဖြစ်ကြောင်း ပြောကြားသည်။

စစ်ချီပွဲတွင် စစ်သည်အင်အား ၁၅,၀၀၀ ပါဝင်မည်ဖြစ်ပြီး စစ်သုံးပစ္စည်း အမျိုးအစားပေါင်း ၅၈၀ ကိုပြသရန် စီစဉ်ထားသည်။ စစ်ချီအခမ်းအနား ကျင်းပနေချိန်တွင် စစ်လေယာဉ် အစင်း ၁၆၀ က ကောင်းကင်ယံမှ ဖြတ်သန်းမောင်းနှင်ပြမည်ဖြစ်သည်။

စစ်ချီအခမ်းအနားတွင် သမ္မတရှီကျင့်ဖျင်က တိန်ယန်မင်ရင်ပြင်၌ တပ်ဖွဲ့ဝင်များနှင့် စစ်သုံးပစ္စည်းများကို ကြည့်ရှုစစ်ဆေးမည်ဖြစ်သည်။

ထို့ပြင် ထူးခြားမှုတစ်ရပ်အနေနှင့် တရုတ်နိုင်ငံ၏ ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင် ၈၀၀၀ ကလည်း စစ်ချီပွဲကြီးတွင် ပူးပေါင်းပါဝင်ရန်စီစဉ်ထားသည်။

F-01