News

POST TYPE

NEWS

ဟောင်ကောင်တွင် ဆန္ဒပြသူများက တရုတ်အလံကို မဖွယ်မရာလုပ်၊ ရှော့ပင်းစင်တာတစ်ခုကို ဖျက်ဆီး
22-Sep-2019


ဟောင်ကောင်၊ စက်တင်ဘာ ၂၂

ဟောင်ကောင်တွင် တနင်္ဂနွေနေ့က သီတင်းပတ် ၁၆ ပတ်မြောက်အဖြစ် ထပ်မံ ပြုလုပ်သော အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲ၌ တက်ကြွလှုပ်ရှားသူ အင်အားစုများက တရုတ်ပြည်သူ့သမ္မတ နိုင်ငံအလံကို မလေးမစား မတော်တလျော်ပြုလုပ်ပြခဲ့ကြသလို ရှော့ပင်းစင်တာတစ်ခုကိုလည်း လက်သရမ်း ဖျက်ဆီးပစ်ခဲ့ကြကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

ယင်းဖြစ်ရပ်ကြောင့် ရှာတင်ရပ်ကွက်မှ နယူးတောင်းပလာဇာအမည်ရ ရှော့ပင်းစင်တာရှိ စက်လှေကားများနှင့် မှန်ကြီးများ ပျက်ဆီးသွားခဲ့သည်။ ဝင်ရောက်ဖျက်ဆီးသော ဆန္ဒပြအင်အားစုများကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ အသုံးပြုကာ ပစ်ခတ်နှိမ်နင်းခဲ့သည်။

ထို့ပြင် ဟောင်ကောင်လေဆိပ်နှင့် ချိတ်ဆက်ထားသော မြေအောက်ရထား စနစ်ပြေးဆွဲ၍မရအောင် ပိတ်ဆို့မည့် ဆန္ဒပြလူအုပ်ကြီးကိုလည်း ရဲတပ်ဖွဲ့များက အင်အားသုံးကာ ဟန့်တားနိုင်ခဲ့သည်။

နယူးတောင်းပလာတွင် ပထမပိုင်းက လူအနည်းငယ်ဖြင့် ငြိမ်းချမ်းစွာစီတန်း ဆန္ဒပြမှုဖြင့်စတင်ခဲ့သော်လည်း နောက်ပိုင်းတွင် ဆူပူသောင်းကျန်းသည့်ပုံစံသို့ ပြောင်းသွားခြင်းဖြစ်သည်။

ဗီဒီယိုမှတ်တမ်းများတွင် တရုတ်နိုင်ငံအလံကို ဆန္ဒပြအင်အားစုများက နင်းခြေပြပြီး မြစ်ထဲသို့လွှင့်ပစ်လိုက်ပုံများကို မြင်တွေ့ရသည်။

မျက်နှာဖုံးစွပ်ထားသည့် ဆန္ဒပြသူများသည် သတင်းအချက်အလက်ပြ မြေပုံများကို အုပ်ထားသည့် မှန်များအားကို မီးသတ်ဘူးများဖြင့် ရိုက်ခွဲပစ်ကြသည်။ ထို့ပြင် အမှိုက်ပုံများကိုလည်း စက်လှေကားများပေါ်မှ ကန်ချပစ်ကြသည်။

အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့က အဆိုပါရှော့ပင်းစင်တာကို ပိတ်ပစ်ခဲ့သလို ရှာတင်နှင့် ဆက်သွယ်ပေးသည့် မြေအောက် မီးရထားစနစ်ကိုလည်း ပိတ်ပစ်လိုက်ကြသည်။ ထို့နောက် ဆန္ဒပြလူအုပ်ကြီးကို မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ကာ လူစုခွဲပစ်ကြသည်။

အပြင်ဘက်တွင်မူ ဆန္ဒပြသူအချို့က ပလက်ဖောင်းမှ အုတ်ခဲများကို ထုတ်ကာ ရဲတပ်ဖွဲ့ကို ပစ်ပေါက်ခဲ့ကြသည်။

South China Morning Post သတင်းစာဖော်ပြချက်အရ ရှာတင်ရပ်ကွက်တွင် ရဲတပ်ဖွဲ့က ထားရှိသော အဟန့်အတားများအားလုံး မီးရှို့ခံခဲ့ရသည်။ ထို့ပြင် နမ်ချောင်းဘူတာရုံမှာလည်း ဖျက်ဆီးခံခဲ့ရသည်ဟု ဆိုသည်။

ရဲတပ်ဖွဲ့အဆိုအရ ဆန္ဒပြသူများ၏ ပစ်မှတ်များစွာအနက် ဟောင်ကောင်လေဆိပ်သည်လည်း ကြီးမားသည့်ပစ်မှတ်တစ်ခုဖြစ်လာကြောင်း ပြောကြားသည်။ ဆန္ဒပြအင်အားစုများကမူ လေဆိပ်ကို စိတ်သောကရောက်အောင် လုပ်ဆောင်ကြရန် လိုက်လံဆော်ဩလျက်ရှိသည်။

F-01