News

POST TYPE

NEWS

ရက်ပေါင်း ၅၀ ခန့်ကြာပြီးနောက် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ စိုးရိမ်ရေမှတ်အောက် ပြန်လည်ကျဆင်း
22-Sep-2019

တောင်ငူ၊ စက်တင်ဘာ ၂၂ 

ညောင်လေးပင်မြို့နယ် မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေသည် ဩဂုတ် လဆန်းကစကာ စိုးရိမ်ရေမှတ်အထက်ရက် ၅၀ ခန့်ကြာသည်အထိ ကျော်လွန်ရောက်ရှိခဲ့ပြီးနောက် စက်တင်ဘာလ ၂၀ ရက် ညနေပိုင်းမှစပြီး စိုးရိမ်ရေမှတ်အောက် ပြန်ကျပြီဖြစ်ကြောင်း ညောင်လေးပင်မြို့နယ် အုပ်ချုပ်ရေးမှူး နော်မိုင်လှကြည်က ပြောကြားသည်။

စက်တင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီခွဲ တိုင်းတာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ စိုးရိမ်ရေမှတ် ၁၀၇၀ စင်တီမီတာအောက် ၅၀ စင်တီမီတာလျော့ နည်းကျဆင်းနေပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရသည်။

ပဲခူးတိုင်း ရွှေကျင်မြို့နှင့် မဒေါက်မြို့တို့သည် ရွှေကျင်မြစ်နှင့် စစ်တောင်းမြစ်ကမ်းတွင်ရှိပြီး နှစ်စဉ်မိုးရာသီကာလ ရေကြီးရေလျှံမှုများကြုံရပြီး မဒေါက်မြို့သည် ယမန်နှစ်မိုးရာသီက နှစ် ၅၀ ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးမှုနှင့်ကြုံခဲ့ရသည့်မြို့ဖြစ်သည်။

ယခုနှစ် ဩဂုတ်လဆန်းမှစကာ မဒေါက်မြို့၊ ရွှေကျင်မြို့များတွင် စိုးရိမ်ရေမှတ်အထက် ကျော်လွန်ခဲ့သဖြင့် ရေဘေးရှောင်စခန်း ၃၀ ကျော်ဖွင့်ကာ ဒေသခံ လူနှစ်သောင်းကျော်ကို ရေဘေးလွတ်ရာ ကူညီထောက်ပံ့မှုများပေးခဲ့ရကြောင်း အဆိုပါ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများထံမှ သိရသည်။

မဒေါက်မြို့ မြို့ပေါ်ရပ်ကွက်များတွင် ရေဘေးရှောင်စခန်းလေးခု၊ ဗဟိုကွပ်ကဲရေးစခန်းတစ်ခုနှင့် ကျေးရွာများတွင် ရေဘေးရှောင်စခန်းကိုးခုဖွင့်ပြီး အိမ်ထောင်စု ၁၈၀၀ ခန့်၊ လူဦးရေ ၉၀၀၀ ကျော်ကို ရွှေ့ပြောင်းကာ ကူညီပေးခဲ့ရကြောင်း မဒေါက်မြို့ အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

R-15