News

POST TYPE

NEWS

သဖန်းဆိပ်ရေလှောင်တမံတွင် ရေဝင်ရောက်မှုနည်း၍ အလှည့်ကျရေပေးဝေမည်
22-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၂၂

ယခုနှစ်မိုးရာသီတွင် သဖန်းဆိပ် ရေလှောင်တမံ၌ ရေဝင်ရောက်မှုနည်းပါးပြီး ယခင်နှစ်ပမာဏများအောက် များစွာ လျော့နည်းလျက်ရှိသောကြောင့် ပျိုးထောင်၊ မြေပြင်၊ စိုက်ပျိုး၊ အပင်ဖြစ်ရေနှင့် အောင် ရေတို့အတွက် အလှည့်ကျရေပေးဝေသွားမည်ဖြစ်ကြောင်း ရွှေဘိုခရိုင်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။

ယနေ့အချိန်အထိ စနစ်တကျ ချွေတာစုဆောင်းထားသည့် လက်ကျန်ရေနှင့် ကျန်မိုးနှောင်းကာလတွင် သဖန်းဆိပ် ရေလှောင်တမံအတွင်း ထပ်မံ ဝင်ရောက်လာသည့်ရေများဖြင့် စိုက်ပျိုးထားသည့် မိုးစပါးများ အောင်မြင်သည်အထိ ဆည်ရေလုံလောက်မျှတစွာ ရရှိစေရန်နှင့် ရွှေဘို မြို့လူထုအနေနှင့် သောက်သုံးရေကို လိုအပ်သလို ပေးဝေနိုင်ရန် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ရေလှောင်တမံအတွင်း ရေဝင်ရောက်မှုလျော့နည်းသည့် အခြေအနေများအရ စိုက်ပျိုးရေကိုခြိုးခြံချွေတာပြီး အလေအလွင့်မရှိ အနည်းဆုံးရေပမာဏဖြင့် ပေးဝေနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကလည်း ညွှန်ကြားလျက်ရှိကာ ဦးစီးဌာနက ထုတ်ပြန်ထားသည့် ရေလှည့်စနစ်များအတိုင်း လိုက်နာအကောင်အထည်ဖော်နိုင်ရန် ဝန်ထမ်းများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ တောင်သူများပူးပေါင်း၍ စိုက်ပျိုးရေ မျှတစွာသုံးစွဲရန် ဆောင်ရွက်ပေးဝေလျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင်ရှိသည့် သဖန်းဆိပ်ရေလှောင်တမံဆည်ရေ သောက်စနစ်သည် ရွှေဘိုပေါ်ဆန်းဆန်ကို အဓိကထား စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ယခုနှစ်တွင် ၄၈၄,၀၆၅ ဧက စိုက်ပျိုးရန်လျာထားကာ စက်တင်ဘာလ ၂၀ ရက်နေ့အထိ ၄၇၁,၇၄၁ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၉၇ ဒသမ ၄၅ ရာခိုင်နှုန်းစိုက်ပျိုးခဲ့ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။

သဖန်းဆိပ်ရေလှောင်တမံတွင် ရေဝင်ရောက်မှု လျော့နည်းနေသည့် အခြေအနေအရ တောင်သူများအနေနှင့် ဆည်ရေကို ခြိုးခြံချွေတာပြီးသုံးစွဲကြရန်၊ ရေသောက်တောင်သူ အချင်းချင်း ညီညွတ် မျှတသည့်စိတ်ဓာတ်ဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက သတ်မှတ်ထားသည့်ရေလှည့်ဇယားများအတိုင်း လိုက်နာဆောင်ရွက်ကြရန်၊ စိုက်ပျိုးရေ အခက်အခဲများဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ တာဝန်ခံဝန်ထမ်းများကို ဆက်သွယ်လာပါက ညှိနှိုင်း စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ယင်းဌာနထံမှ သိရသည်။

ထို့ပြင် မိုးစပါးအောင် ရေပေးဝေပြီးနောက် တမံအတွင်း ရေသိုလှောင်ထားနိုင်မှု အခြေအနေအပေါ်မူတည်၍ နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရာသီတွင် တောင်သူ တွက်ခြေကိုက်ပြီး ရေလိုအပ်ချက်နည်းသည့် သီးနှံပုံစံအတွဲကို ပြောင်းလဲစိုက်ပျိုးနိုင်ရန်အတွက် တောင်သူလယ်သမားများ၊ သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေး ညှိနှိုင်းအဖွဲ့များနှင့် လိုအပ်သလို စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနထံမှ သိရသည်။

J-11