News

POST TYPE

NEWS

မုဒိတာအိမ်ရာတွင် အဆိုတော်တစ်ဦးကို လက်ပြန်ကြိုးတုပ်၊ ဓားဖြင့်ထောက်၍ လက်ကိုင်ဖုန်းနှင့် ငွေများလုယက်
22-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၂၂

အင်းစိန်မြို့နယ်၊ ပေါက်တောဝအနီး မုဒိတာအိမ်ရာ (၂) တွင် စက်တင်ဘာ ၂၁ ရက်က နေ့ခင်းကြောင်တောင် နေအိမ်တိုက်ခန်းထဲ ဖောက်ထွင်း ဝင်ရောက်လာသည့် အမျိုးသားတစ်ဦးမှ ယင်းတိုက်ခန်းအတွင်းရှိ အဆိုတော် လင်းလက်မြင့်မိုရ်ကို လက်ပြန်ကြိုးတုပ် ဓားဖြင့်ထောက်၍ လက်ကိုင်ဖုန်းနှင့် ငွေများလုယက်သွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖောက်ထွင်းခံရသည့်အခန်းမှာ မုဒိတာအိမ်ရာ (၂)၊ ရှစ်လွှာရှိ အခန်းတစ်ခန်းဖြစ်ပြီး ယင်းအခန်းတွင် နေထိုင်သူ တက်သစ်စ အဆိုတော် လင်းလက်မြင့်မိုရ်ကို ဖောက်ထွင်းဝင်ရောက်လာသူအမျိုးသားက ဓားဖြင့်ထောက်၍ “အော်ရင် သတ်ပစ်မယ်”ဟု ခြိမ်းခြောက်ပြောဆိုကာ ငွေကျပ်နှစ်သောင်းနှင့် Huawei အမျိုးအစား လက်ကိုင်ဖုန်းတစ်လုံးကို လုယူသွားခဲ့သည်။

အခင်းဖြစ်ပွားခဲ့သည့် တိုက်ခန်းအတွင်းသို့ ဖောက်ထွင်းဝင်ရောက်လာသူမှာ ရှစ်လွှာရှိ လူမနေသည့် တိုက်ခန်းတစ်ခန်းရှိ မျက်နှာကြက်မှ တဆင့် အခန်းထဲသို့ ဝင်ရောက်လာခဲ့ခြင်းဖြစ်ပြီး အခန်းအတွင်း အိပ်ပျော်နေသည့် လင်းလက်မြင့်မိုရ်ကို ဓားဖြင့်ထောက်၍ မျက်နှာအား ခေါင်းအုံးစွပ်ဖြင့်အုပ်ကာ လက်ပြန်ကြိုး တုပ်၍ အခန်းထဲ မွှေနှောက်ရှာဖွေပြီး အိတ်အတွင်းရှိ ကျပ်နှစ်သောင်းနှင့် လက်ကိုင်ဖုန်းတစ်လုံးကို လုယူသွားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အဆိုတော် လင်းလက်မြင့်မိုရ်မှ ၎င်းအသုံးပြုနေသည့် ဖေ့စ်ဘွတ်အကောင့်တွင် “ ကိုယ့်အိမ်ထဲနေတာတောင် စိတ်မချရတော့တဲ့ ဘဝပါ။ အနုကြမ်းစီးတာလား ဓားပြတိုက်တာလား မသိတော့ပါ။ ကျွန်မအသက်မသေလို့ပဲ ကံကောင်းတယ်မှတ်ရမယ်”ဟု ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရေးသားခဲ့သည်။

တက်သစ်စ အဆိုတော် လင်းလက်မြင့်မိုရ်မှ ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် အိမ်ထဲဝင်ရောက်လာသည့် အမျိုးသားမှ ၎င်းအား ဓားဖြင့်ထောက်၍ လက်ပြန်ကြိုးတုပ်ပြီး မအော်နိုင်စေရန် ဖက်လုံးစွပ်ကို ချွတ်၍ ပါးစပ်ကို ပိတ်စည်းခဲ့ကြောင်း ရေးသားထားပြီး ပြစ်မှုကျူးလွန်သူ အမည်မသိ အသက် ၂၅ နှစ်ဝန်းကျင်ရှိ အမျိုးသားကို ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03