News

POST TYPE

NEWS

မြန်အောင်တွင် ကုန်တင်ရေယာဉ်တစ်စီး မီးလောင်၊ သုံးဦးဒဏ်ရာရ တစ်ဦးပျောက်ဆုံး
22-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၂၂

မြန်အောင်မြို့နယ်၊ (၆) ရပ်ကွက်၊ ဧရာဝတီမြစ် ဂုံလျှော်ဂိုဒေါင်ဆိပ်ကမ်းတွင် စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ကုန်တင်ရေယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွားခဲ့သောကြောင့် ရေယာဉ်လုပ်သား သုံးဦး မီးလောင် ဒဏ်ရာများ ရရှိခဲ့ပြီး မြစ်ထဲခုန်ချခဲ့သည့် ရေယာဉ်လုပ်သား တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် “ထွန်းမေတ္တာ” ကုန်တင်/တွဲဆွဲရေယာဉ်ပေါ်တွင် အခင်းဖြစ်နေ့က ရေယာဉ် လုပ်သား မျိုးနိုင် (၂၅) နှစ်မှ ရေယာဉ်၏ သံတက်မအား ဂဟေဆော်နေစဉ် မီးအပူရှိန်ကြောင့် အနီးရှိ ဆီတိုင်ကီမှာ မီးလောင်ပေါက်ကွဲခဲ့သည်။

ပေါက်ကွဲမှုကြောင့် မီးလောင်ခဲ့သည့် ရေယာဉ်ကို မီးငြှိမ်းသတ်နိုင်ခြင်း မရှိသဖြင့် ရေယာဉ်တွင် ချည်ထားသည့် ကြိုးကိုဖြတ်ပြီး မြစ်ထဲမျှောလွှတ်ခဲ့ရာ အဆိုပါ ရေယာဉ်မှာ ရှားတောကျေးရွာအနီး၌ သောင်တင်နေသဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့သည်။

ကုန်တင်ရေယာဉ် မီးလောင်ပေါက်ကွဲမှုကြောင့် ရေယာဉ် လုပ်သား အမျိုးသား သုံးဦးမှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး ရေယာဉ်လုပ်သား မျိုးနိုင်မှာ မြစ်ထဲခုန်ချရာမှ ပျောက်ဆုံးနေသောကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှာဖွေလျက်ရှိပြီး မြန်အောင်မြို့မရဲစခန်း (ပ) ၁၁၅၃/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၂၈၅ (မီးလောင်မှု) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03



  • VIA