News

POST TYPE

NEWS

တရားဝင်ခွင့်ပြုချက်မယူဘဲ လျှပ်စစ်မီးသွယ်တန်းမှု ဗိုလ်ဗထူးအိမ်ရာနေထိုင်သူများ ကန့်ကွက်
22-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၂၁

ဗိုလ်ဗထူးအိမ်ရာ အပိုင်း ၁ အပိုင် ထရန်စဖော်မာကို ခိုင်မာသည့် အထောက်အထားပြသမှုမရှိဘဲ အိမ်ရာအပိုင်း ၂ တွင် အသုံးပြုမှုကို အိမ်ရာနေပြည်သူများ ကန့်ကွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ဗထူး အိမ်ရာတွင် စက်တင်ဘာလ ၂၁ ရက်နေ့ ကပြုလုပ်သည့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲမှသိရသည်။

“အိမ်ရာအပိုင် ထရန်စဖော်မာက မီးသွယ်တန်းတာကို ဆောက်လုပ်နေတဲ့ ကုမ္ပဏီဘက်က အကြောင်းကြားတာမျိုး၊ ခွင့်တောင်းတာမျိုးမလုပ်ဘဲ ညဘက်ကြီး ခြံစည်းရိုးကိုဖောက်ပြီး လာလုပ်ကြတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ သက်သေ အထောက်အထားမပြနိုင်ဘဲ YESC နဲ့ရှင်းလို့ သူတို့ဘက်ကပြောတယ်။ ဒါကို ကျွန်တော် တို့ဘက်က လက်မခံနိုင်ဘူး”ဟု ဗိုလ်ဗထူး အိမ်ရာကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဦးမြင့်ဇော်မျိုးက ပြောဆိုသည်။

အဆိုပါ ဓာတ်အားပေး ထရန်စဖော်မာသည် တန်ဖိုးအားဖြင့် သိန်း ၁၀၀၀ ခန့်တန်ဖိုးရှိပြီး လက်ရှိတွင် အိမ်ရာအတွင်း အဆိုပါ ဓာတ်အားပေးရုံ လေးခုဖြင့် အိမ်ရာအတွင်းရှိ အခန်းပေါင်း ၄၄၈ ခန်း၊ နေထိုင်သူဦးရေ တစ်ထောင်ကို လျှပ်စစ်မီးပေးလျက်ရှိကြောင်း အဆိုပါအိမ်ရာ ကော်မတီထံမှ သိရသည်။

ယနေ့ဆွေးနွေးမှုများတွင် လျှပ်စစ် မီးသွယ်တန်းမှုကိစ္စသည် YESC နှင့်သာ သက်ဆိုင်သည့်အတွက် စည်ပင်သာယာဘက်က တင်ပြမှုများပြုလုပ်မည်ဟု ပြောကြားခဲ့ပြီး သတင်းမီဒီယာ၏ သီးသန့်မေးမြန်းခြင်းကို ပြန်လည်ဖြေကြားမှု မလုပ်နိုင်ကြောင်း စည်ပင်သာယာက ပြန်လည်ပြောကြားခဲ့သည်။  

ပြည့်ဖြိုးမြင့်မွန်


  • VIA