News

POST TYPE

NEWS

KTV ဆိုင်အတွင်း ငွေမရှင်းနိုင်သည့်ကိစ္စ စကားများရာမှ လူသတ်မှုဖြစ်
22-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၂၂

ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်ရှိ KTV ဆိုင်တစ်ဆိုင်တွင် သီချင်းဆိုစားသောက်ပြီးနောက် ငွေမရှင်းနိုင်သည့် ကိစ္စနှင့် ပတ်သက်၍ သူငယ်ချင်းအချင်းချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ပြစ်မှုကျူးလွန်သူ ရဲတပ်သား သဲကိုကို (၂၅) နှစ်မှာ စက်တင်ဘာ ၂၁ ရက် ညနေပိုင်းက ၎င်း၏ သူငယ်ချင်းများနှင့်အတူ ဥသျှစ်ပင်မြို့ ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ KTV ဆိုင်တစ်ဆိုင်တွင် သွားရောက်သီချင်းဆိုစားသောက်ပြီးနောက် အချိန်ပြည့်၍ ငွေရှင်းရန် ဘေလ်တောင်းယူနေစဉ် အတူပါလာသည့် နေလင်းထွန်းတို့ ညီအစ်ကို နှစ်ဦးမှ ငွေမပါလာသောကြောင့် ဆိုင်အပြင်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်။

KTV ဆိုင်အတွင်း ကျန်နေခဲ့သူ သဲကိုကိုမှ ဆိုင်ရှိဝန်ထမ်းများကို ကျသင့်ငွေရှင်းပေးရန် ငွေလာပို့ခိုင်းထားကြောင်း တောင်းပန်ပြောဆိုပြီးနောက် ၎င်းဆိုင်အပြင်သို့ ရောက်ရှိချိန် ငွေမရှင်းဘဲ ထွက်ပြေးသည့် နေလင်းထွန်းတို့ ညီအစ်ကို နှစ်ဦးနှင့် ပုသိမ်-မုံရွာ ကားလမ်းဘေးတွင် တွေ့ဆုံရာမှ စကားများရန်ဖြစ်ခဲ့သည်။

ခိုက်ရန်ဖြစ်စဉ် လက်သီးဖြင့်ထိုးခံရသူ သဲကိုကိုမှာ မြေပြင်ပေါ် လဲကျသွားချိန် အနီးတွင် တွေ့ရှိသည့် သံချောင်း တစ်ချောင်းကို ကောက်ယူပြီး ထိုးသောကြောင့် နေလင်းထွန်းမှာ ရင်ညွန်ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး နေလင်းထွန်း၏ ညီ ဖိုးခင်လှတွင် ကျောကုန်း၌ ပွန်းပဲဒဏ်ရာရရှိခဲ့သဖြင့် လူသတ်မှုကျူးလွန်ခဲ့သူ သဲကိုကိုအား ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်နယ်မြေရဲစခန်းမှ (ပ) ၁၀၉/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၂၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03