News

POST TYPE

NEWS

ရထားလမ်းဖောက်စဉ်ဆုံးရှုံးခဲ့သည့် လယ်မြေများအတွက် လျော်ကြေးပေး
22-Sep-2019


ကလေး၊ စက်တင်ဘာ ၂၂

ဘုတလင်-ရေဦး-ခင်ဦးရထားလမ်းဖောက်စဉ် လယ်ယာမြေများဆုံးရှုံးခဲ့ရသည့် ရေဦးမြို့နယ်အတွင်းမှ တောင်သူများကို မြေယာလျော်ကြေးပေးခဲ့ကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

ဆုံးရှုံးခဲ့သည့် လယ်ယာမြေ ၆၀ ခန့်အတွက် လယ်မြေတစ်ဧက ကျပ်သိန်း ၃၀ နှုန်း၊ ယာမြေတစ်ဧက ၂၅ သိန်းနှုန်းဖြင့် ရေဦးကုန်း၊ မကျည်းတောနှင့် ထန်းတောကျေးရွာများမှ တောင်သူ ၇၀ကျော်ကို စက်တင်ဘာ ၂၂ ရက်က လျော်ကြေးပေးခဲ့ခြင်းဖြစ်သည်။

မူလက တောင်သူ ၇၉ ဦး စာရင်းထွက်သော်လည်း ပြန်လည်စစ်ဆေးသောအခါ လူစာရင်းထပ်နေခြင်းသာဖြစ်ပြီး အမှန်တကယ်မှာ ယခုလျော်ကြေးပေးသည့် ၇၂ ဦး စာရင်းမှန်ကန်ကြောင်း ယင်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ရှင်းပြသည်။

ဘုတလင်-ရေဦး-ခင်ဦးရထားလမ်းကို ၁၉၉၅ ခုနှစ်က စတင်ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းရထားလမ်းကိုအသုံးပြု၍ တင်းတိမ်ရံ-ရေဦး-ခင်ဦး-ရွှေဘိုကို ရထားတစ်စင်း တင်းတိမ်ရံမှစကာ အသွားအပြန်တစ်ရက် တစ်ကြိမ်ပြေးဆွဲပေးနေသည်။

ထို့ပြင် ခင်ဦး-ရေဦး-ဘုတလင်-မုံရွာအဖြစ် ရထားကြီးတစ်စီးဖြင့် ခင်ဦးမြို့မှစကာ မုံရွာအထိ တစ်ရက်လျင် အသွားအပြန်တစ်ကြိမ်ပြေးဆွဲပေးနေကြောင်း ယင်းဒေသခံနှင့် မြန်မာ့မီးရထားထံမှ သိရသည်။

R-20




  • VIA