News

POST TYPE

NEWS

သန်လျင်တွင် လူတစ်စုမှ နေအိမ်အတွင်းရှိ ပစ္စည်းများ ဝင်ရောက်ဖျက်ဆီးမှုနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် အမှုဖွင့်
21-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၂၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာတွင် စက်တင်ဘာ ၂၀ ရက် ညနေပိုင်းက ဓားများကိုင်ဆောင်ထားသည့်လူတစ်စုက နှစ်ထပ်နေအိမ်ခြံဝင်းအတွင်းရှိ မော်တော်ယာဉ်တစ်စီးနှင့် နေအိမ်ထဲရှိ ပရိဘောဂပစ္စည်းများကို ဝင်ရောက်ဖျက်ဆီးမှုနှင့်ပတ်သက်၍ နှစ်ဖက်အပြန်အလှန် အမှုဖွင့်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

လူသေမှုကိုကျူးလွန်ရန် အားထုတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၀၈ ဖြင့် အမှုဖွင့်အရေးယူခံရသူ ဦးတင်နု (၆၀ နှစ်)မှာ အခင်းဖြစ်နေ့ မွန်းလွဲပိုင်းက တစ်လမ်းတည်းနေထိုင်သည့် တူတော်စပ်သူ ထက်ကိုကိုဦး (၃၅ နှစ်)ကို ၎င်းမောင်းနှင်လာသည့် ပါရာဒိုယာဉ်ဖြင့် ဝင်တိုက်မိမလိုဖြစ်ခဲ့သောကြောင့် သန်လျင်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူခဲ့သည်။

အမှုဖွင့်ခံရသူ ဦးတင်နု၏ နေအိမ်ခြံဝင်းအတွင်းသို့ အခင်းဖြစ်နေ့ ညနေပိုင်းတွင် ၎င်း၏ညီတော်စပ်သူ ဦးမြင့်ကြည် (၅၈ နှစ်)နှင့် ဦးမြင့်ကြည်၏သားဖြစ်သူ ထက်ကိုကိုဦး၊ အမည်မသိ အမျိုးသားနှစ်ဦးတို့က ဓားများကိုင်ဆောင်၍ ဝင်ရောက်လာပြီး ပါဒိုယာဉ်၏နောက်မှန်ကို ရိုက်ခွဲကာ ပလတ်စတစ်ထိုင်ခုံငါးလုံးကို ရိုက်ချိုးဖျက်ဆီးခဲ့သောကြောင့် ဦးတင်နု မိသားစုမှ နေအိမ်အပေါ်ထပ်အိပ်ခန်းထဲတွင် တံခါးပိတ်၍ဝင်ပုန်းခိုခဲ့သည်။

ဦးမြင့်ကြည်အပါအဝင် လေးဦးမှ ဓားများကိုင်ဆောင်၍ နေအိမ်ထဲ ဝင်ရောက်လာပြီး ပြတင်းတံခါးမှန်များကိုရိုက်ခွဲ၍ ကျွန်းတံခါးများကို ဓားဖြင့်ခုတ်ထစ်ပြီး ထက်ကိုကိုဦးမှ သတ်ပစ်မည်ဟု ခြိမ်းခြောက်ပြောဆိုပြီးနောက် ပြန်လည်ထွက်ခွာသွားကြောင်း အမှုဖွင့်တိုင်ကြားချက်အရ ရဲတပ်ဖွဲ့ထံမှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ ၃၀၈ ဖြင့် အမှုဖွင့်ခံရသူ ဦးတင်နုကို ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးနေပြီး ဦးမြင့်ကြည်နှင့် ၎င်း၏သား ထက်ကိုကိုဦး၊ အမည်မသိ အမျိုးသားနှစ်ဦးတို့ကို အိမ်ကျော်နင်းမှု ရာဇသတ်ကြီးပုဒ်မ ၄၅၂၊ အကျိုးဖျက်ဆီးမှု ရာဇသတ်ကြီးပုဒ်မ ၄၂၇၊ ဆဲဆိုမှုရာဇသတ်ကြီးပုဒ်မ ၂၉၄၊ သေစေရန်ခြိမ်းခြောက်ပြောဆိုမှု ရာဇသတ်ကြီးပုဒ်မ ၅၀၆၊ အားပေးကူညီမှု ရာဇသတ်ကြီးပုဒ်မ ၁၁၄ တို့ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးအရေးယူနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03