News

POST TYPE

NEWS

BPI စက်ရုံမှူးအမှု နိုင်ငံ့ဝန်ထမ်းဥပဒေဖြင့်သာ အရေးယူသင့်ကြောင်း ဥပဒေအကြံပေးပြော
20-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၉

BPI စက်ရုံမှူးအမှုသည် အဂတိတိုက်ဖျက်ရေးဥပဒေတွင် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်ပုဒ်မ ၇ ခုနှင့် ကိုက်ညီခြင်း မရှိသဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေနှင့်သာ အရေးယူသင့်ကြောင်း ယင်းအမှုကို လိုက်ပါဆောင်ရွက်နေသူ ဥပဒေအထောက် အကူပြုအဖွဲ့ခေါင်းဆောင် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောသည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ၃ (က) တွင် မိမိမှာရှိသော တာဝန်မှ ရရှိထားသော လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုရမည်ဆိုသည့်အချက် ပါဝင်ပြီး ငွေကြေးတံစိုးလက်ဆောင် ရယူခြင်း (သို့) တောင်းခံခြင်း (သို့) ရယူရန် ကြိုးပမ်းခြင်း ပေါပေါက်ရမည့်အချက် ပါဝင်ကာ နောက်တစ်ချက်မှာ ပြုလုပ်ဆောင်ရွက်မှုကြောင့် လုပ်သင့်သည့် အလုပ်ကို မလုပ်၊ မလုပ်သင့်သည့် အလုပ်များကို ပြုလုပ်ခဲ့ပါက အဂတိလိုက်စားမှုမှာ အကျုံးဝင်ကြောင်း ၎င်းက ဆိုသည်။ 

“ဒေါက်တာအောင်ဇော်ရဲ့ ဆောင်ရွက်ချက်တွေကို လေ့လာလိုက်တဲ့အခါ ရရှိထားတဲ့မှတ်တမ်း အထောက်အထား သက်သေတွေကို လေ့လာကြည့်တဲ့အခါ အဲဒီအချက်တွေနဲ့ ကိုက်ညီတာ မရှိဘူး။ အကျုံးဝင်တာမရှိဘူး”ဟု ၎င်းက ဆိုသည်။

BPI စက်ရုံမှူး ဒေါက်တာအောင်ဇော်အမှုတွင် အမှုလိုက်ပါဆောင်ရွက်ရန် ဥပဒေအကြံပေး ဦးခင်မောင်မြင့် ဦးဆောင်၍ တရားလွှတ်တော်ရှေ့နေ ဦးမျိုးသိန်း၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇင်မာဝေ၊ တရားလွှတ်တော်ရှေ့နေ ဒေါ်ဇင်မာဦး၊ အထက်တန်းရှေ့နေ ဒေါ်မေစံပယ်အောင်၊ အထက်တန်းရှေ့နေ ဒေါ်ပိုင်ပိုင်တို့ ပါဝင်သော ဥပဒေအထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းပြီး လိုက်ပါဆောင်ရွက်နေခြင်း ဖြစ်သည်။ 

ယင်းအမှုနှင့် ပတ်သက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်သည် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲစည်းပြီး စစ်ဆေးခဲ့ရာ အင်းစိန်ဆေးဝါးစက်ရုံ စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန်အတွက် ကော်စေ့ ၂၆ တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သဖြင့် နိုင်ငံတော်၏ ငွေကြေးနှင့် ပစ္စည်းကို ထိခိုက်နစ်နာဆုံးရှုံးစေကြောင်း စစ်ဆေးပေါ်ပေါ်က်ခဲ့သောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ ဖြင့် အင်းစိန်မြို့နယ် ရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဒေါက်တာအောင်ဇော် စွပ်စွဲထားသော ကော်စေ့ ၂၆ တန်သုံးစွဲခြင်းနှင့် ပတ်သက်ပြီး စက်ရုံတွင် ထုတ်လုပ်မှု အမှာစာများကို အမြန်ဆောင်ရွက်နေရသဖြင့် ကုန်ကြမ်းပြတ်လပ်နေခြင်းကို ဆောင်ရွက်ရန် စာအားဖြင့် အထက်ရုံး အသီးသီးကိုတင်ပြခဲ့ပြီး နှုတ်ဖြင့်လည်း ဦးဆောင်ညွန်ကြားရေးမှူးနှင့် အခြားအရာရှိများကိုလည်း တင်ပြခဲ့ခြင်းရှိကြောင်းဟု ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောသည်။

ဆေးဝါးများကိုဖြန့်ရေးမှာ အရေးကြီးနေသည့်အတွက် ဘူးများထုတ်လုပ်ရန် ကော်စေ့တင်ဒါအောင်ထားသော ကုမ္ပဏီနှင့် ညှိနှိုင်းကာ အဆင်ပြေအောင် ဆောင်ရွက်ရန် ဦးဆောင်ညွှန်ကြားရေးမှူးက ညွှန်ကြားသဖြင့် အထက်အမိန့်အရ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူခဲ့ပြီး အင်းစိန်တရားရုံးက စက်တင်ဘာ၁၂ ရက်နေ့ ရုံးထုတ်နေ့မှာပင် ယင်းစက်ရုံမှ ဦးဆောင် ညွန်ကြားရေးမှူး ဦးကိုကိုအောင် (MD) အား ကော်စေ့များ ဝယ်ယူရာတွင် သိရှိခြင်းမရှိသည့်အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က အရေးယူပေးပါရန် သမ္မတရုံးဝန်ကြီးဌာနသို့ တိုင်ကြားခဲ့သဖြင့် စက်တင်ဘာ ၁၂ ရက်နေ့တွင် တာဝန်မှ ရပ်စဲခဲ့ကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။ 

BPI ဆေးဝါးစက်ရုံမှူး ဒေါက်တာအောင်ဇော်အမှု၏ ရုံးချိန်းကို အောက်တိုဘာ ၂ ရက်သို့ အင်းစိန်တရားရုံးက ထပ်မံချိန်းဆိုခဲ့သည်။  

အေးချမ်းသူ
 



  • VIA