News

POST TYPE

NEWS

စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ငွေများ အခွန်နှုန်းထားလျှော့ချ၊ အခွန်ဆောင်သူ တိုးလာဖွယ်ရှိ
20-Sep-2019

ရန်ကုန်၊ စက်တင်ဘာ ၁၉

စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ငွေများကို ကောက်ခံသည့် အခွန်နှုန်းထား လျှော့ချရန် စက်တင်ဘာလ ၁၉ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်သည်။

ထိုကဲ့သို့ အခွန်နှုန်းထားလျှော့ချလိုက်သည့်အတွက် အခွန်ဆောင်သူအရေ အတွက် ၁၀ ဆခန့် တိုးတက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးမျိုးမြင့်က ပြောကြားသည်။

“ဒီနှုန်းထားက အားလုံးဆောင်နိုင်တဲ့ ပမာဏဖြစ်လို့ အရင်ကထက် အခွန် ပိုတိုးရလာမယ်။ အခွန်ဆောင်သူလည်း ၁၀ ဆလောက်တိုးလာမယ်။ စီးပွားရေး လုပ်ငန်းအားလုံးကတော့ ဒါကိုကြိုဆိုနေကြတယ်”ဟု ၎င်းကဆိုသည်။

၂၀၁၉ အခွန်အကောက်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် မဲခွဲဆုံးဖြတ်ရာတွင် စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ငွေများကို ကောက်ခံသည့် အခွန်နှုန်းထား လျှော့ချရန်အချက်ကိုပါ သဘောတူ လက်ခံကာ အတည်ပြုလိုက်ခြင်းဖြစ်သည်။

အခွန်စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ငွေများကိစ္စနှင့် ပတ်သက်ပြီး ၁ ကျပ်မှ သိန်း ၁,၀၀၀ အထိ ၃ ရာခိုင်နှုန်း၊ သိန်း ၁,၀၀၀ ကျော်မှ ၃,၀၀၀ အထိ ၅ ရာခိုင်နှုန်း၊ သိန်း ၃,၀၀၀ ကျော်မှ သိန်း ၁၀,ဝ၀၀ အထိ ၁၀ ရာခိုင်နှုန်း၊ သိန်း ၁၀,ဝ၀၀ ကျော်မှ သိန်း ၃၀,၀၀၀ အထိ ၁၅ ရာခိုင်နှုန်း၊ သိန်း ၃၀,၀၀၀ အထက်ကို ၃၀ ရာခိုင်နှုန်းဟု သတ်မှတ်လိုက်ခြင်းဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးလိုက်သော စည်းကြပ်မှုမှ လွတ်ကင်းနေသည့်ငွေများ အခွန်ဆောင်၍ရသည့် ကိစ္စသည် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်အထိ ဘဏ္ဍာနှစ်တစ်နှစ်တည်းသာ ဆောင်ရွက်မည့် အစီအစဉ်ဖြစ်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်အရ သိရသည်။

ယင်းအစီအစဉ်သည် နိုင်ငံသား မည်သူမဆို အခြေခံပစ္စည်းတစ်ရပ်ရပ် ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ်တည်ထောင်ခြင်း၊ လုပ်ငန်း ထပ်မံတိုးချဲ့ခြင်းတို့တွင် အကျုံးဝင်မည်ဖြစ်ကြောင်း အဆိုပါဥပဒေတွင် ပါဝင်သည်။

အိမ်၊ ခြံ၊ မြေလုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေးအသင်းဗဟိုအလုပ်အမှုဆောင် ဥက္ကဋ္ဌ ဦးတင်မောင်က“အခုပြောင်းလဲလိုက်တဲ့ နှုန်းထားအသစ်ကို ကြိုဆိုပါတယ်။ ဒီလို လုပ်လိုက်တာက အိမ်၊ ခြံ၊ မြေ လုပ်ငန်းတင်မဟုတ်ဘူး၊ စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံး ပြန်ကောင်းမွန်လာနိုင်အောင် လှုပ်နှိုးလိုက်တာပါ”ဟု ပြောဆိုသည်။

စည်းကြပ်မှုမှ လွတ်ကင်းနေသည့် ငွေများအပေါ် အခွန်စည်းကြပ်ခြင်းသည် တရားမဝင်ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်း၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် သက်ဆိုင်ခြင်းမရှိစေရဟု အသိပေးထားသည်။

ပြည့်ဖြိုးမြင့်မွန်