News

POST TYPE

NEWS

ဒေါက်တာ စိုးဝင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအား အရင်းအမြစ်ဝန်ကြီးအဖြစ် ဧရာဝတီတိုင်း လွှတ်တော်အတည်ပြု
19-Sep-2019


ပုသိမ်၊ စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး လူဝင်မှု ကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန၏ ဝန်ကြီးအဖြစ် ပုသိမ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းကို ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်က အတည်ပြုလိုက်သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်၏အဆိုပြုချက်ကို ကိုယ်စားလှယ်အားလုံးက ကန့်ကွက်ခြင်း တစ်စုံတစ်ရာ မရှိသဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၅၂ အရ တိုင်းဒေသကြီး လွှတ်တော်မှ သဘောတူကြောင်း တိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ် ဝန်ကြီးဌာန၏ ဝန်ကြီးအမည်အား အတည်ပြုနိုင်ရေးအတွက် လွှတ်တော် အရေးပေါ် အစည်းအဝေး ၃ ကြိမ် ပုံမှန် အစည်းအဝေး ၁ ကြိမ် ခေါ်ယူခဲ့ရပြီး ၂ လ ခွဲကျော် အချိန်ယူခဲ့ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ်များထံမှ သိသည်။

ဆေးတက္ကသိုလ် ၂ မင်္ဂလာဒုံ ဆေးပညာသင်ကြားခဲ့သူ ဒေါက်တာစိုးဝင်းသည် ဆေးသိပ္ပံဘွဲ့ရရှိပြီးနောက် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း မှော်ဘီသင်တန်းတက်ရောက်၍ အမှတ် ၂ တပ်မတော်ဆေးရုံတွင် လက်ထောက် ဆရာဝန်။ ကန်ကြီးထောင့်မြို့နယ် တိုက်နယ်ဆရာဝန်၊ ပုသိမ်မြို့နယ် ကျန်းမာရေးအရာရှိ၊ ပုသိမ်မြို့နယ် ဆရာဝန်များအသင်း ဥက္ကဋ္ဌတာဝန်များကိုဆောင်ရွက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပုသိမ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြောက်ခံရသူဖြစ်သည်။

R-12