News

POST TYPE

NEWS

ချင်းတွင်းမြစ်ကမ်းပါး နေစဉ်ပြိုကျမှုကြောင့် ရေစကြိုတွင် နေအိမ် ၇၀ လုံး ပြောင်းရွှေ့
19-Sep-2019


ချောက်၊ စက်တင်ဘာလ ၁၉၊

ချင်းတွင်းမြစ်ရေဆက်တိုက်တိုးပြီး မြစ်ကမ်းပါးနေ့စဉ် ပြိုကျနေမှုကြောင့် မကွေးတိုင်းဒေသကြီး ရေစကြိုမြို့အတွင်းရှိ မြေနုကျွန်းကျေးရွာ နှစ်ရွာတွင် နေအိမ်အလုံး ၇၀ လုံး ကို ၅ ရက်အတွင်း ပြောင်းရွှေ့နေထိုင်ရသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ရေစကြိုမြို့ အောင်းပန်းချောင်းကျေးရွာတွင် ယခုလ စက်တင်ဘာလ ၁၅ ရက်မှ ၁၈ ရက်နေ့အထိ နေအိမ် ၃၇ လုံးနှင့် ၁၉ ရက်နေ့တွင် နေအိမ် ၇ လုံး ထပ်မံပြောင်းရွှေ့ရ၍ အိမ်ထောင်စု ၅၀ စုခန့်နှင့် လူဦးရေ ၂၇၀ ဦးကျော် ပြောင်းရွှေ့နေထိုင်ရသည်ဟု ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောဆိုသည်။

ထို့အတူ နွယ်နီကျွန်းကျေးရွာတွင် စက်တင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်တွင် နေအိမ် ၂၆ လုံး၊ အိမ်ထောင်စု ၂၇ စု၊ လူဦးရေ ၁၂၀ ဦးခန့်တို့ ပြောင်းရွှေ့နေထိုင်ရသည်ဟု ယင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်က ပြောကြားသည်။

“သင်္ဘောအသွားများတဲ့နေ့ ပြိုတာများတာဘဲ။ သင်္ဘောလှိုင်း ပုတ်တဲ့ဒဏ်လည်းပါတာပေါ့။ သင်္ဘော အသွားများတဲ့နေ့ များများပြိုတယ်။ နည်းနည်းသွားတဲ့နေ့ဆို ပြိုတာနည်းတယ်။ ကမ်းပါးနဲ့ မြစ်ရေပြင်အမြင့်က သိပ်မကွာဘူး။ ချင်းတွင်းမြစ်ရေက ဆက်တိုက်တိုးပြီး အခုအနေအထားဆိုရင် နေ့စဉ် ပြောင်းရွှေ့နေရတယ်”ရေစကြိုမြို့နယ် မီးသတ်ဦးစီး ဦးညီညီအောင်က ရှင်းပြပြောဆိုသည်။

ချင်းတွင်းမြစ်ရေ ရေကြီးရေလျှံမှုများကြောင့် မြစ်ကမ်းပါးများ ဆက်တိုက်ပြိုကျနေ၍ အဆိုပါကျေးရွာတွင် အခက်အခဲများဖြစ်နေသဖြင့် ကမ်းပြိုထိမ်းသိမ်းကာကွယ်မှုကို အမြန်ဆုံးဆောင်ရွက်ပေးစေချင်ကြောင်း၊ ပြောင်းရွှေ့နေထိုင်ရန် မြေနေရာအခက်အခဲများရှိနေ၍ သက်ဆိုင်ရာတာဝန်ရှိသူများက အမြန်ဆုံး ဆောင်ရွက်ပေးစေချင်ကြောင်း အဆိုပါကျေးရွာနှစ်ရွာ၏ အုပ်ချုပ်ရေးမှူးများက ထပ်တူပြောဆိုသည်။

“ကမ်းပြိုကျမှုက နေ့တိုင်းဖြစ်နေတော့ ကျွန်တော်တို့က ပေ ၄၀၊ ၅၀ အကွာလောက်ဆိုရင် အိမ်ဖျက်တာ မနိုင်ဘဲနေမှာဆိုးလို့။ ကမ်းပါးပြိုကျမှုထဲပါသွားမှာစိုးလို့ နေအိမ်တွေဖျက်ပြီး ပြောင်းရွှေ့နေရတယ်။”ဟု အောင်ပန်းချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောကြားသည်။

ယင်းကျေးရွာနှစ်ရွာအနီးရှိ ချင်းတွင်းမြစ်ကမ်းပါးတလျှောက်တွင် တစ်ရက်လျှင် အနံ ပေ ၃၀ မှ ၅၀ အထိ ပြိုကျနေကြောင်း၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြောင်းရွှေ့နေထိုင်ရသော နေအိမ်တစ်လုံးလျှင် ငွေကျပ် တစ်သိန်းနှင့် လူ တစ်ဦးလျှင် တစ်ပတ်စာဆန်ဖိုးငွေကျပ် ၂၁၀၀ ကျပ်ထောက်ပံ့ပေးသည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးများထံမှ သိရသည်။

ယခင် နွယ်နီကျွန်းကျေးရွာတွင် စက်တင်လ ၃၊ ၉၊ ၁၃ ရက်နေ့များတွင် နေအိမ် ၂၄ လုံး၊ အောင်ပန်းချောင်းကျေးရွာတွင် ဇူလိုင်လအတွင်းက နေအိမ် ၄၃ လုံးပြောင်းရွှေ့နေထိုင်ခဲ့ရသည်။

နေနိုင်