News

POST TYPE

NEWS

တံခါး ၃ ပေါက်ပါ SCANIA ကားများဖြင့် မြို့ပတ်ဘတ်စ်ကားလိုင်း ယခုလ ၂၃ ရက်တွင် စတင် ပြေးဆွဲမည်
18-Sep-2019


ရန်ကုန်၊ စက်တင်ဘာ ၁၈

တံခါးပေါက် ၃ ပေါက်ပါရှိသည့် SCANIA ကားသစ်များဖြင့် YBS ရန်ကုန်မြို့ပတ် ဘတ်စ်ကားလိုင်းကို စက်တင်ဘာလ ၂၃ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောကြားသည်။

အဆိုပါ ရန်ကုန်မြို့ပတ်ဘတ်စ်ကားလိုင်းကို City Transit မြို့ပတ်ခရီးသည် ယာဉ်လိုင်းအဖြစ် ပြေးဆွဲပေးမည်ဖြစ်ပြီး City Bus (SCANIA) ယာဉ်အစီးရေ ၂၀ ဖြင့် စတင် ပြေးဆွဲပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ခရီးသည်အခြေအနေပေါ် မူတည်ပြီး ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမယ်။ အောက်တိုဘာလမှာတော့ ယာဉ်အကုန်လုံး ပြေးဆွဲပေးမယ်။ ပြေးဆွဲမယ့်အချိန်ကတော့ ညှိနှိုင်းနေတယ်။ ခရီးသည်စီးနင်းမှုအပေါ်မှာ ကြည့်ပြီး ဆုံးဖြတ်ကြမယ်”ဟု (YRTA) မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ဆိုသည်။

SCANIA ယာဉ်ပေါ်တွင် သက်ကြီးရွယ်အိုများအတွက် ထိုင်ခုံနေရာ၊ ဝှီးချဲဖြင့် မသန်စွမ်းသူများအတွက် ယာဉ် အတက် အဆင်းထိုင်ခုံများ၊ မျက်မမြင်များအတွက် အသံစနစ်နှင့် စီးနင်းသူများကို သတင်းအချက်အလက်ပေးသည့်စနစ် စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

မြို့ပတ်ပြေးဆွဲရာတွင် အောင်မင်္ဂလာအဝေးပြေးမှ ဂိတ်စ ဂိတ်ဆုံးထားကာ သခင်မြပန်းခြံအထိ လမ်းကြောင်း နှစ်ကြောင်းခွဲ၍ အသွားအပြန် ပြေးဆွဲမည်ဖြစ်ကြောင်းနှင့် ယင်းခရီးစဉ် အစဆုံးကို ယာဉ်စီးခ ၁၀၀၀ ကျပ် သတ်မှတ်ထားပြီး အောင်မင်္ဂလာအဝေးပြေးမှ သခင်မြပန်းခြံသို့ ၅၀၀ ကျပ်ဖြင့်လည်းကောင်း၊ သခင်မြပန်းခြံမှ အောင်မင်္ဂလာ အဝေးပြေးသို့ ၅၀၀ ကျပ်ဖြင့်လည်းကောင်း ခရီးစဉ် နှစ်ပိုင်းခွဲကာ ကောက်ခံမည်ဖြစ်ကြောင်း YRTA ထံမှ သိရသည်။

ပြေးဆွဲမည့် ခရီးစဉ်လမ်းကြောင်း ၁ မှတ်တိုင်များမှာ အောင်မင်္ဂလာအဝေးပြေးမှ စတင်ကာ ဓမ္မာရုံ၊ ၆ ကွေ့၊ ဧရာ(ဘုမ္မာ)၊ ဥဇ္ဇနာ၊ ဝဇီရာ၊ ဃဈေး၊ မြောက်ဥက္ကလာအဝိုင်း၊ ဘုန်းကြီးလမ်း၊ (၅)လမ်း၊ ဂန္ဓမာဟိုးဆေး၊ ညောင်ပင် (ပါရမီ)၊ ပင်းယ၊ မြင်သာဈေး၊ ဥက္ကလာပဘုရား၊ မိုးဆွေ၊ စီမံကိန်း၊ စံပြဈေး၊ သစ်စက်၊ ချမ်းအေး (သွားဆေးတက္ကသိုလ်)၊ သုဝဏ္ဏဈေး၊ ကျောင်းလမ်း၊ သုဝဏ္ဏ လမ်းဆုံ၊ ဈေးလေး(ကြက်ဘဲဈေး)၊ ၆ လမ်း (ပုသိမ်ညွန့်)၊ အေဘီစီ၊ အသင်းတိုက် (စက်ဆန်း)၊ ပုဇွန်တောင်စာတိုက်၊ ပုဇွန်တောင်ဈေး၊ ဗိုလ်တထောင်ဘုရား၊ စာတိုက်ကြီး (ဘိုကလေးဈေး)၊ ပန်းဆိုးတန်း၊ ခြောက်ထပ်ရုံး၊ ၁၅လမ်း (ညောင်ပင်လေး ဈေး)၊ မော်တင်နှင့် သခင်မြပန်းခြံ မှတ်တိုင်များသို့ ပြေးဆွဲမည်ဖြစ်သည်။

ထို့နောက် သခင်မြပန်းခြံကားမှတ်တိုင်မှတစ်ဆင့် အလုံဒယ်အိုးစက်၊ ဆင်မင်းဈေး၊ ဟုမ်းလမ်း၊ စာတိုက် (ကြည့်မြင်တိုင်)၊ ညဈေး၊ ဆင်မလိုက်၊ သင်္ဘောကျင်း၊ ရေကြောင်းသိပ္ပံ၊ ချောင်းဝ၊ ဘူတာရုံလမ်း၊ ပိတောက်ချောင်း (သီရိမင်္ဂလာဈေး)၊ အုတ်ကျင်း၊ ဈေးဘူတာ၊ ကျောင်းရှေ့ (သမိုင်း)၊ သမိုင်းလမ်းဆုံ၊ ကျိုက်ဝိုင်း၊ ရဲဘော်ဟောင်း၊ ၈ မိုင်လမ်းဆုံ၊ ၈ မိုင်ပန်းခြံ၊ နဝဒေး၊ လမ်းဝ၊ ၅ လမ်း၊ ဘုန်းကြီးလမ်း၊ မြောက်ဥက္ကလာ အဝိုင်း၊ ဃဈေး၊ ဝဇီရာ၊ ဥဇ္ဇနာ၊ ဧရာ(ဘုမ္မာ)၊ ၆ ကွေ့၊ ဓမ္မာရုံမှတစ်ဆင့် အောင်မင်္ဂလာ အဝေးပြေးမှတ်တိုင်သို့ အသွားအပြန် ပြေးဆွဲမည်ဖြစ်သည်။

J-10