News

POST TYPE

NEWS

မန္တလေးမြို့တွင်းရှိ အိမ်မွေးခွေးများ မှတ်ပုံတင်ရမည်
18-Sep-2019
မန္တလေး၊ စက်တင်ဘာ ၁၈

မန္တလေးမြို့တွင်းရှိ မိသားစုများက မိမိတို့အိမ်တွင်မွေးထားသည့် ခွေးများကို မြို့တော်စည်ပင်သာယာရေးကော်မတီထံတွင် မှတ်ပုံတင်ပြီး မွေးကြရတော့မည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

“ခွေးလေခွေးလွင့်တွေက တစ်နေ့ထက်တစ်နေ့ ကြီးမားလာနေပါတယ်။ ခွေးလေခွေးလွင့်တွေကို ရှင်းမယ်ဆိုရင်လည်း တမြတ်တနိုးမွေးထားတဲ့ အိမ်မွေးခွေးတွေ မပါစေချင်ဘူး။ အဲ့ဒါကြောင့် မှတ်ပုံတင်ပြီး တံဆိပ်လေးတွေနဲ့ဆိုရင် အိမ်မွေးခွေးတွေ အန္တရာယ်ကင်းသွားမယ်။ စနစ်တကျ ဖြစ်သွားမယ်”ဟု စည်ပင်သာယာရေးကော်မတီဝင် ဦးကျော်ဆန်းမြင့်က ပြောကြားသည်။

မန္တလေးမြို့တွင်း လမ်းမများပေါ်တွင် ခွေးလေခွေးလွင့် တစ်သန်းဝန်းကျင်ရှိနိုင်ကြောင်း သိရပြီး ယင်းခွေးလေခွေးလွင့်များနှင့်ပတ်သက်ပြီး ဖြေရှင်းရန်လိုအပ်လျက်ရှိကြောင်း၊ ယင်းသို့ဖြေရှင်းသည့်အခါတွင် အိမ်မွေးခွေးများကိုမပါစေဘဲ လေလွင့်ခွေးများကိုသာ ရှင်းလင်းသွားရန်ရည်ရွယ်ကြောင်း ၎င်းကပြောဆိုသည်။

ခွေးမွေးထားသူများအနေနှင့် မိမိတို့၏ ခွေးများကို သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေးရုံးများတွင် တစ်ကောင်လျှင် ငါးထောင်ကျပ်နှုန်းသာ ပေးသွင်းပြီး မှတ်ပုံတင်ရမည်ဖြစ်ပြီး စည်ပင်သာယာကော်မတီက မှတ်ပုံတင်ချိန်မှ တစ်သက်တာ မှတ်ပုံတင် မှတ်တမ်းစာအုပ်၊ ကတ်တို့ ပြန်လည်ပေးအပ်မည်ဖြစ်ကာ ခွေးလည်ပင်းတွင် ဆွဲထားရမည့် သတ္တုတံဆိပ်တစ်ခုလည်း ထုတ်ပေးမည်ဖြစ်သည်။

မှတ်ပုံတင်ထားသည့် ခွေးများ အပြင်ထွက်သည့်အခါများတွင် ထုတ်ပေးထားသည့် သတ္တုတံဆိပ်ကို ဆွဲပေးထားရမည်ဖြစ်ပြီး၊ ကိုက်တတ်သည့်ခွေးဖြစ်ပါက ပါးစပ်ကို အုပ်ထားပေးရမည်ဖြစ်သည့်အပြင် အများပြည်သူသွား လမ်းများပေါ်တွင် အညစ်အကြေးစွန့်ပါက ခွေးပိုင်ရှင်က တာဝန်ယူရှင်းလင်းပေးရမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

ယင်းအစီအစဉ်ကို အောက်တိုဘာလတွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး မှတ်ပုံတင်ပြုလုပ်မထားဘဲ အိမ်တွင်ခွေးမွေးထားပါက ဒဏ်ငွေ သုံးသောင်းကျပ်နှင့် ဆက်လက်ဖောက်ဖျက်လျှင် စည်ပင်သာယာရေးကော်မတီဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

အိမ်မွေးခွေးများကို မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်သော်လည်း လမ်းပေါ်နေ ခွေးလေခွေးလွင့်များကို ရှင်းလင်းရန်အတွက် မည်သို့လုပ်ဆောင်မည်ကို ရွေးချယ်နေဆဲသာဖြစ်ကြောင်း ဦးကျော်ဆန်းမြင့်က ထပ်လောင်းပြောကြားသည်။

M-04