News

POST TYPE

NEWS

အမျိုးသား လွှတ်တော်ကိုယ်စားလှယ်က လူ့အခွင့်အရေး လှုပ်ရှားသူကို ၆၆ (ဃ) ဖြင့် တရားစွဲမှု ယနေ့အမိန့်ချမည်
18-Sep-2019
မန္တလေး၊ စက်တင်ဘာ ၁၈

ကျောက်ဆည်ခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်က လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တရားစွဲထားမှု ယနေ့ (စက်တင်ဘာလ ၁၉ ရက်နေ့) တွင် မြစ်သားမြို့နယ်တရားရုံးက အပြီးသတ် အမိန့်ချမည်ဖြစ်သည်။

“ကျွန်တော့်ဘက်ကတော့ ဘယ်လိုအမိန့်လာလာ ပြင်ဆင်ထားပြီးပါပြီ”ဟု တရားစွဲဆိုခံရသူ ဦးခင်အောင်လင်းက ပြောကြားသည်။

၂၀၁၈ ခုနှစ် မေလ ၂၁ ရက်နေ့က “ဘကြီးလင်း ဘကြီးလင်း”အမည်ရှိ အကောင့်က လူမှုကွန်ရက်စာမျက်နှာတွင် တိုင်းဒေသကြီးလွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်အမတ်များကို ပြောချင်ပါတယ်ခင်ဗျာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြစ်သားမြို့နယ် တရားရုံးကို ကျောက်ဆည်ခရိုင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးက ဘာလာလုပ်တာတုံး၊ အမှုပွဲစားလားကွယ် စသည်ဖြင့် ရေးသားဖော်ပြခဲ့ခြင်းနှင့် ပတ်သက်၍လည်းကောင်း မြစ်သားမြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့ခြင်းဖြစ်သည်။

“ပုဂ္ဂိုလ်ရေးလည်း မုန်းတီးခြင်းမရှိသလို၊ ဘာဖြစ်ပါစေဆိုပြီး ဆန္ဒနဲ့ အမှုဖွင့်တာလည်းမဟုတ်ပါဘူး။ ဒီအတိုင်းထားလိုက်ရင် ပိုဆိုးလာမှာစိုးလို့ တားလိုက်တဲ့သဘောပါ”ဟု တရားလိုဖြစ်သူ ဒေါ်အုန်းကြည်က ပြောကြားထားသည်။

ဦးခင်အောင်လင်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် တောင်သူလယ်သမား ပါတီတစ်ခုကို ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး ယခုအခါ လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်လျက်ရှိသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်က ယင်းအကောင့်ပိုင်ရှင် ဦးခင်အောင်လင်းကို ၂၀၁၈ ခုနှစ် မေလ ၂၃ ရက်နေ့တွင် မြစ်သားမြို့မ ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

M-01