News

POST TYPE

NEWS

ဒေါက်တာဇော်မြင့်မောင်၏ဓာတ်ပုံများနှင့် လှောင်ပြောင်သောစာသားများ ရေးသားတင်သူနှစ်ဦးကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
18-Sep-2019
မန္တလေး၊ စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ဓာတ်ပုံများပေါ်တွင် လှောင်ပြောင်သရော်သည့်စာများရေးကာ We Love Dauk Zaw ဟူသော လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် တင်နေကြသူများအနက်မှ အကောင့်နှစ်ခုကို NLD ပါတီ မန္တလေးတိုင်း ပြန်ကြားရေးကော်မတီ အဖွဲ့ဝင်က
တရားလိုပြုလုပ်တိုင်တန်းထားကြောင်း တရားလိုထံမှ သိရသည်။

“မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်တယ်။ ကျွန်တော်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်း ပြန်ကြားရေးကော်မတီ အဖွဲ့ဝင်ဖြစ်တယ်။ ဒါကြောင့် ပါတီရဲ့တာဝန်ပေးချက်အရ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ကိုယ်စား တရားလိုအဖြစ် ဂုဏ်သိက္ခာညှိုးနွမ်းစေရန်၊ ပြည်သူလူထုအထင်အမြင်လွှဲမှားစေရန် လွန်လွန်ကျူးကျူး ရေးသားသူအချို့ကို တရားစွဲခြင်းဖြစ်တယ်”ဟု NLD ပါတီပြန်ကြားရေးအဖွဲ့ဝင် ဦးပုညဆွေက ရှင်းပြသည်။

We Love Dauk Zaw Group တွင် ပုံတင်နေကြသူများအနက်မှ Aung Pyae San Win အကောင့်နှင့် Swan Ka Bar အကောင့်ဟူသော အကောင့်နှစ်ခုကို ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်။

အဆိုပါအကောင့်နှစ်ခုက ဓာတ်ပုံများကိုအသုံးပြုကာ ရေးသားထားသည့် “ပါးချခံရမယ်”၊ “ငယ်သေးတဲ့အချစ်မို့ မလေးစားတာလားပြောပါ ကျွန်တော်သိပ်ချစ်တတ်တာ ကျွန်တော်သာအသိပါ”၊ “ချာတိတ်လေး မင်းကိုယ့်ကို စိုးမိုးလွန်းတယ်ကွယ်”၊ “စစ်သား-ဒေါက်တာဒီနေ့ညက vip နေ့နော်၊ အေးပါငါတို့တွေ အရင်ညထက်ပိုကဲကြတာပေါ့ကွာ” Just for funny၊ “မင်းဆော်ထက် ငါ့ဆော်ကပိုမိုက်တယ် ဟျောင့်ငါဆော်ပိုမိုက်တယ်” စသည်တို့ ပါဝင်ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “ဒီကိစ္စကတော့ အခြားတော့မပြောလိုပါဘူး။ ကျွန်တော့်မှာလည်း နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော့်မှာ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိပါတယ်။ ဒီ group ကို စိတ်လည်းမဝင်စားဘူး။ ဝင်လည်းမကြည့်ဘူး”ဟု မန္တလေးတိုင်းဒေသကြီးလွှတ်တော်၊ (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးအပြီးတွင် ပြောကြားခဲ့သည်။

M-04


  • VIA