News

POST TYPE

NEWS

မှတ်ပုံတင်ပြုလုပ်ရာတွင် အဂတိကင်းရှင်းစေရေး ကြပ်မတ်သွားမည်ဟု ရန်ကုန်တိုင်း လဝကဝန်ကြီးပြော
18-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၇

နိုင်ငံသား စိစစ်ရေးကတ်ပြား ပျောက်ဆုံးလဲလှယ်ခြင်း၊ အသစ်ပြုလုပ်ခြင်း လုပ်ငန်းများအတွက် အဂတိတရား ကင်းရှင်းစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။

စက်တင်ဘာလ ၁၇ ရက်နေ့က ကျင်းပပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ “မြန်မာနိုင်ငံသားများ ရရှိကိုင်ဆောင်ထားသော နိုင်ငံသားစိစစ်ရေး ကတ်ပြားများ အကြောင်းအမျိုးမျိုးကြောင့် ပျောက်ဆုံးသည့် အခါ ပြန်လည်လျှောက်ထားရာတွင် အဆင်ပြေချောမွေ့စွာ ရရှိနိုင်ရေးအတွက် မည်သို့ဆောင်ရွက်ပေးလျက်ရှိသလဲ”ဆိုသည့် မေးခွန်းကို ပြန်လည်ဖြေကြားရာတွင် ဒေါ်မိုးမိုးစုကြည်က ယင်းသို့ ထည့်သွင်းဖြေကြားသွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိရေးအတွက် နိုင်ငံသားဥပဒေအတိုင်း တိကျမှန်ကန်စွာ ရရှိရေးကို ဆောင်ရွက်ပေးနေပြီး အဂတိတရားကင်းရှင်းရေး အတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒေါ်မိုးမိုးစုကြည်က ထည့်သွင်းပြောကြားသည်။

နိုင်ငံသား စိစစ်ရေးကတ်ပြားများ ထုတ်ပေးရာတွင် နိုင်ငံသားအခွင့်အလမ်း ရရှိသူဟုတ်မဟုတ်ကို အချိန်အတိုင်းအတာ တစ်ခုထိ စစ်ဆေးရမည်ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် အချိန်ကြန့်ကြာမှု မရှိစေရေး၊ လွယ်ကူလျင်မြန်စွာ ရရှိစေရေး၊ အဂတိ တရားကင်းရှင်းစေရေးအတွက် မြို့နယ်ရုံး အသီးသီးက ဝန်ထမ်းများကို အထူးအလေးထား ကြပ်မတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

လက်ရှိတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ လဲလှယ်ပျောက်ဆုံးမှုများ ပြန်လည်လျှောက်ထားပါက အခက်အခဲများ၊ မလိုလားအပ်သည့် အချက်အလက်များ တောင်းခံမှုများရှိနေသည့်အတွက် မှတ်ပုံတင်မရရှိသူ အများအပြားရှိနေကြောင်း မေးခွန်းမေးမြန်းသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်းက ပြောကြားသည်။

“မှတ်ပုံတင် လုပ်တာမှာ အချို့မြို့နယ် တွေမှာ မလိုလားအပ်တဲ့ မေးခွန်းတွေ၊ မလိုလားအပ်တဲ့ စာရွက်စာတမ်းတွေ တောင်းခံခြင်းမျိုးတွေကြောင့် ကြန့်ကြာနေတာတွေ မဖြစ်စေဖို့လည်း ထပ်မံပြီး စိစစ်ကြပ်မတ်ဖို့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအတွင်း နိုင်ငံသား စိစစ်ရေးကတ်ပြား ၂ သိန်း ၅ သောင်း ထုတ်ပေးခဲ့ကြောင်း တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနထံမှ သိရသည်။

J-08



  • VIA