News

POST TYPE

NEWS

အခြေခံစပါးဈေးနှုန်းကို အစိုးရက သတ်မှတ်ကြေညာမည်
18-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၇

ယခု ၂၀၁၉ ခုနှစ်အတွက် အခြေခံစပါးဈေးနှုန်းကို အစိုးရအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က သတ်မှတ်ကြေညာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

သတ်မှတ်ကြေညာနိုင်ရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က အခြေခံစပါးဈေးနှုန်းကို အစိုးရထံ ပုံစံ ၃ မျိုးဖြင့် တွက်ချက်တင်ပြသွားမည်ဖြစ်ပြီး ပုံစံ ၁ သည် တင်း ၁၀၀ လျှင် ကျပ် ၄၈၀,၀၀၀၊ ပုံစံ ၂ သည် တင်း ၁၀၀ လျှင် ၅၀၀,၀၀၀ နှင့် ပုံစံ ၃ သည် တင်း ၁၀၀ လျှင် ၅၂၀,၀၀၀ ဖြင့် အခြေခံစဉ်းစားပြီး တွက်ချက်တင်ပြကာ အစိုးရ၏ရွေးချယ်မှုအတိုင်း ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။

“အခြေခံဈေးနှုန်းကို တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့ကို ပုံစံ ၃ မျိုးနဲ့တင်ပြမှာပါ။ ဈေးနှုန်းထုတ်ပြန်တာကတော့ အဲဒီအဖွဲ့ကထုတ်ပြန်ပေးမှာပါ။ သူတို့ဘယ်အချိန် ကြေညာပေးမလဲ ဆိုတာတော့ တိတိကျကျမသိဘူး”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယအမှု ဆောင်အရာရှိချုပ် ဦးမြင့်လွင်က ပြောကြားသည်။

အခြေခံစပါးဈေးနှုန်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က သတ်မှတ်ကြေညာပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် အစိုးရကသတ် မှတ်ကြေညာပေးမည်ဖြစ်ကာ အခြေခံဈေးနှုန်းကို ပုံစံသုံးမျိုးဖြင့် တွက်ချက်တင်ပြနိုင်ရန်အတွက် စက်တင်ဘာလ တတိယအပတ်အတွင်း အစည်းအဝေး ခေါ်ယူထားကြောင်း ၎င်းက ပြောဆိုသည်။

အခြေခံစပါးဈေးနှုန်းကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မတ်လက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တိုက်တွန်းမှုဖြင့် မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က စပါးတင်းတစ်ရာလျှင် ကျပ်ငါးသိန်းဖြင့် အခြေခံ၍ဝယ်ယူပေးရန် သတ်မှတ်ခဲ့ပြီး ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်း ကျပ်ငါးသိန်းအပေါ်တွင် ဖြစ်ပေါ်ပါက ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ကာ အကယ်၍ ဈေးကွက်ပေါက်ဈေးသည် အခြေခံဈေးနှုန်း အောက်ကျဆင်းပါက အခြေခံဈေးအတိုင်း ဝယ်ယူရမည်ဖြစ်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။

ထို့ပြင် လာမည့် ၂၀၂၀ ပြည့်နှစ်သည် ရွေးကောက်ပွဲပြုလုပ်မည့်နှစ်ဖြစ်သောကြောင့် အခြေခံစပါးဈေးနှုန်း သတ်မှတ်ရာတွင် တာဝန်ရှိသူများအနေနှင့် ပိုမိုဂရုပြုဆောင်ရွက်၍ သတ်မှတ်ကြရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက သတိပေးပြောကြားထားသည်။

“မနှစ်က အခြေခံဈေးနှုန်းငါးသိန်း ကြေညာထားတယ်ဆိုတော့ ဒီငါးသိန်းထက် နည်းနည်းလောက်ပဲပိုနိုင်မယ်။ ခန့်မှန်းခြေတစ်သောင်း၊ နှစ်သောင်းလောက်ပဲ။ လျော့တဲ့ဈေးနှုန်းတော့ မဖြစ်နိုင်ဘူး။ တိုးဖို့ကျတော့လည်း အခုဈေးကွက်အနေအထားနဲ့ အရမ်းတိုးလို့အဆင်မပြေဘူး”ဟု တောင်သူဦးဆွေဦးက ပြောကြားထားသည်။  

J-11


  • VIA