News

POST TYPE

NEWS

မကွေးမြို့တွင် အုပ်စုဖွဲ့ ဓါးမြှောင်ဖြင့် လိုက်ထိုးသည့်အဖွဲ့မှ နှစ်ဦးကို ဖမ်းမိ
17-Sep-2019


မကွေး၊ စက်တင်ဘာ ၁၇

မကွေးမြို့တွင် လူစည်းကားရာ နေရာ ၃ ခုတွင် အုပ်စုဖွဲ့ကာ ဓါးမြှောင်ဖြင့် လိုက်ထိုးသည့်အဖွဲ့မှ နှစ်ဦးကို ဖမ်းဆီးရမိကြောင်း မကွေးမြို့မရဲစခန်းမှ သိရသည်။
မကွေးမြို့ရှိ ဓားမြှောင်ဆောင်ထားသည့် လူ (၄) ဦးသည် ပန်းခြံအတွင်းရှိ လူတစ်ဦးကို ထိုးကြိတ်ခဲ့ပြီး ကန်သာကန်ဘောင်တွင် တက္ကသိုလ်ကျောင်းသားနှစ်ဦးကို ပေါင်တွင် ဓါးဖြင့် ထိုးခဲ့သည့်အပြင် ကျောက်သားဥယျာဉ်အနီးတွင်လည်း လူတစ်ဦးကိုလည်း ပေါင်တွင် ဓါးဖြင့် ထပ်မံထိုးခဲ့ကြောင်း ရဲစခန်းမှတ်တမ်းများအရ သိရသည်။

“ပြစ်မှုကျူးလွန်သူ (၄) ဦးထဲက (၂) ဦးကို နာရီပိုင်းအတွင်းဖမ်းမိပါတယ်။ လွတ်နေတဲ့ (၂) ဦးကိုတော့ သူတို့သွားတတ်လာတတ်တဲ့အိမ်တွေကို လိုက်စုံစမ်းတယ်။ မြို့အဝင်အထွက်တွေကိုလည်း ပိတ်ဆို့ရှာဖွေစစ်ဆေးနေပါတယ်။ သူတို့ကိုဖမ်းမိဖို့ နီးစပ်ရာမြို့နယ်တွေကို နယ်ထိန်း Viper Group ကနေ အကူအညီတောင်းခံထားပါတယ်”ဟု မကွေးမြို့၊ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပြစ်မှုကျူးလွန်သူများထဲမှ မကွေးမြို့၊ အောင်ဇေယျာရပ်ကွက်နေ အောင်သူနှင့် ပွင့်ဖြူမြို့နယ်မှ လှိုင်ဖုန်းမြင့်ဦးတို့ကို ဖမ်းမိထားပြီး၊ မကွေးမြို့ အောင်ဇေယျာ (၁၀) လမ်းနေ အာကာမင်း(ခ) အာလေးနှင့် အောင်လေး (နေရပ်မသိ) တို့ကို ဖမ်းဆီးရမိရန် စုံးစမ်းနေဆဲဖြစ်သည်။

ပြစ်မှုကျူးလွန်သူ (၄) ဦးကို နေရာ (၃) ခုတွင် ပြစ်မှုကျူးလွန်ခဲ့သည့်အတွက် မကွေးမြို့မရဲ့စခန်းတွင် (ပ) ၁၆၄၈/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၂ ဖြင့်လည်းကောင်း၊ (ပ) ၁၆၅၀/၂၀၁၆၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆/ ၃၄၂/ ၃၂၃/ ၁၁၄ ဖြင့်လည်းကောင်း၊ (ပ) ၁၆၄၉/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၆၊ ၁၁၄ ဖြင့် အမှုဖွင့်ထားရသည်။

R-23


  • VIA