News

POST TYPE

NEWS

ကြည့်မြင်တိုင်မှ မိန်းမလျာ နှစ်ဦးကို လူသတ်မှုဖြင့် ဖမ်း
16-Sep-2019
ရန်ကုန်၊ စက်တင်ဘာ ၁၆

ဟင်္သာတ-ရန်ကုန် ကားလမ်းဘေးရှိ ရေမြောင်းထဲတွင် အမျိုးသားတစ်ဦး သေဆုံးမှုနှင့်ပတ်သက်၍ စစ်ဆေးရာမှ လူသတ်မှုကျူးလွန်ခဲ့သော ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်သည့် မိန်းမလျာနှစ်ဦးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖမ်းမိသည့် မိန်းမလျာနှစ်ဦးမှာ လူငယ်များကို စည်းရုံး၍ အိပ်ဆေးအသုံးပြုကာ နယ်လှည့်၍ ဆိုင်ကယ်များ ခိုးယူခဲ့ပြီး သြဂုတ် ၈ ရက်နေ့က ဟင်္သာတမြို့တွင် နေထိုင်သော လူငယ်အမျိုးသားနှစ်ဦးကို ဘီယာတိုက်မည်ဟု ပြောဆိုစည်းရုံး၍ မြို့အထွက် ဟင်္သာတ-ရန်ကုန် ကားလမ်းဘေးရှိ သွပ်ပြားစက်ရုံအနီးတွင် တွေ့ဆုံရန် ချိန်းဆိုခဲ့သည်။

ယင်းနောက် မိန်းမလျာနှစ်ဦးမှ အိပ်ဆေးထည့်ထားသည့် ဘီယာဘူးများကို လူငယ်နှစ်ဦးအား တိုက်ခဲ့ပြီး အိပ်ပျော်သွားစဉ် ဆိုင်ကယ်သော့ကိုယူ၍ ဆိုင်ကယ်ခိုးယူမောင်းပြေးမည်ကြံစည်စဉ် သေဆုံးသူ စိုးမြတ်အောင်က ရုတ်တရက် နိုးလာပြီး မိန်းမလျာတစ်ဦး၏ လက်ကို လှမ်းဆွဲကာ ကိုက်ခဲ့သည်။

လက်အား အကိုက်ခံရသည့် မိန်းမလျာမှ စိုးမြတ်အောင်၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်သဖြင့် စိုးမြတ်အောင်မှာ ရေမြောင်းထဲပြုတ်ကျခဲ့ပြီး ရေနစ်သေဆုံးခဲ့ကြောင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို လေးရက်အကြာတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အခင်းဖြစ်နေရာအနီးတဝိုက်ရှိ CCTV ကို စစ်ဆေးရာ အခင်းဖြစ်ညက သေဆုံးသူနှင့် အတူ ရှိနေခဲ့သူ စိုးသီဟကျော်ဖြစ်ကြောင်း သိရှိရသဖြင့် ယင်းလူငယ်အမျိုးသားကို စစ်ဆေးမေးမြန်းရာမှ ပြစ်မှုကျူးလွန်ခဲ့သူမှာ မိန်းမလျာနှစ်ဦးဖြစ်ကြောင်းနှင့် ယင်းမိန်းမလျာနှစ်ဦးမှာ မအူပင်မြို့နယ်အတွင်း လူငယ်များကို စည်းရုံး၍ အိပ်ဆေးအသုံးပြုကာ ဆိုင်ကယ်များ ခိုးယူနေကြောင်း စုံစမ်းသိရှိခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ လူသတ်မှုကျူးလွန်ခဲ့သော ရန်နောင်ဖြိုး (ခ) ချစ်ချစ်နှင့် ထွန်းထွန်းဝင်း (ခ) မေလေးတို့နှစ်ဦးကို ဖမ်းဆီး၍ ဟင်္သာတမြို့မ ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၂/၃၂၈/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03


  • VIA