News

POST TYPE

NEWS

တူနီးရှားတွင် လွတ်လပ်သော ဒုတိယအကြိမ် သမ္မတရွေးပွဲ ကျင်းပရန်စီစဉ်
16-Sep-2019

တူးနစ်၊ စက်တင်ဘာ ၁၅

တူနီးရှားနိုင်ငံသည် ၂၀၁၁ ခုနှစ်က အာဏာရှင်သမ္မတ ဘင်အလီကို ဖြုတ်ချကာ အာရပ်နွေဦးကို စတင်ခဲ့ပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက် လွတ်လပ်သော သမ္မတရွေးပွဲကို ကျင်းပရန် စီစဉ်နေသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်က ပထမအကြိမ် ဒီမိုကရေစီသမ္မတရွေးပွဲတွင် အာဏာရရှိလာခဲ့သော သမ္မတ ဘီဂျီကိတ်အက်ဆီဘီသည် ဇူလိုင်လက ကွယ်လွန်ခဲ့ပြီးနောက် နိုဝင်ဘာလတွင် ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီးနှစ်ဦးအပါအဝင် သမ္မတလောင်း ၂၆ ဦး ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး သက်တမ်းအနုဆုံး ဒီမိုကရေစီနိုင်ငံ၏ စမ်းသပ်မှုအဖြစ် ဝိုင်းဝန်းရှုမြင်နေကြသည်။

ပထမအကြိမ် ရွေးကောက်တင်မြှောက်ခံရသူ အက်ဆီဘီသည် ၎င်းအုပ်ချုပ်ခဲ့သည့် ငါးနှစ်အတွင်း တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်မှုကြောင့် နာမည်ကောင်းရခဲ့ပြီး အသက် ၉၂ နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။

ပါလီမန်ဥက္ကဋ္ဌ အန်နာကာက ယာယီသမ္မတအဖြစ် လတ်တလော ဆောင်ရွက်နေသည်။

သမ္မတလောင်းများသည် ရွေးကောက်ပွဲတွင် အနိုင်ရရန် မဲအများဆုံးရဖို့ လိုအပ်ပြီး အနိုင်ရသူ မရှိပါက မဲအများဆုံး ရရှိသူနှစ်ဦးက အဆုံးအဖြတ်အတွက် ဒုတိယအချီ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ရွေးချယ်တင်မြှောက်ခံရသူသည် ငါးနှစ်သက်တမ်း အာဏာရရှိမည်ဖြစ်သည်။ တူနီးရှားအခြေခံဥပဒေအရ သမ္မတသည် ကာကွယ်ရေး၊ နိုင်ငံခြားရေးနှင့် လုံခြုံရေးကဏ္ဍများကို စီမံခွင့်ရရှိပြီး ဝန်ကြီးချုပ်က အခြားဝန်ကြီးဌာနများကို ကိုင်တွယ်ရသည်။ ဝန်ကြီးချုပ်ကိုမူ ပါလီမန်က ရွေးချယ်ပေးသည်။ 

ပါလီမန်ရွေးကောက်ပွဲများကို အောက်တိုဘာလတွင်ကျင်းပရန် စီစဉ်ထားသည်။

အာရပ်နွေဦးသည် တူနီးရှားတွင် စတင်ခဲ့ပြီးမှ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကသို့ ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ အာရပ်နွေဦး အုံကြွမှုများထဲတွင် တူနီးရှားတစ်နိုင်ငံတည်းသာ တည်ငြိမ်သော ဒီမိုကရေစီနိုင်ငံအဖြစ် ပေါ်ထွက်လာခဲ့သည်။

သို့ရာတွင် အရာရာ ချောမွေ့နေခြင်းမရှိဘဲ လက်ရှိနှစ်များတွင် အစ္စလာမ္မစ် အစွန်းရောက်ပြဿနာနှင့် စီးပွားရေးပြဿနာများ ဖိစီးခြင်းခံနေရပြီး အလုပ်လက်မဲ့နှုန်းမှာလည်း မြင့်တက်လျက်ရှိသည်။

၂၀၁၈ ခုနှစ်က အစိုးရ၏ အသုံးစရိတ်လျှော့ချမှုအစီအစဉ်များကို ကန့်ကွက်ရန် ဆန္ဒပြသူများ လမ်းပေါ်သို့ ထွက်လာခဲ့သည်။ ဝန်ကြီးချုပ် ယူဆွတ်ချာဟက်က တူနီးရှားနိုင်ငံသည် အားကောင်းသော ဒီမိုကရေစီနိုင်ငံ ဖြစ်ရန်အတွက် စီးပွားရေး အခွင့်အလမ်းများ တိုးတက်မှုရှိရမည်ဟု ပြောကြားထားသည်။

တူနီးရှားနိုင်ငံသည် ဆယ်စုနှစ်ချီ အာဏာရှင်အုပ်စိုးမှု၊ အဂတိလိုက်စားမှုနှင့် စီးပွားရေးပြိုလဲမှုများကြောင့် လူထု၏မကျေနပ်မှုများ ကြီးထွားနေသည့်အချိန်တွင် လက်တွန်းလှည်းအသိမ်းခံလိုက်ရသော လမ်းဘေးဈေးသည်တစ်ဦးက သူ့ကိုယ်သူ မီးရှို့ခဲ့ပြီးနောက် ၂၀၁၀ ဒီဇင်ဘာလတွင် နိုင်ငံလုံးကျွတ် ဆန္ဒပြမှုများ ဖြစ်ပေါ်လာကာ အာရပ်နွေဦးကို အစပျိုးပေးခဲ့သည်။

ထို့နောက် ၂၀၁၁ တွင် ၂၃ နှစ်ကြာ အုပ်စိုးခဲ့သော သမ္မတဘင်အလီကို ဖြုတ်ချဖယ်ရှားလိုက်ကြသည်။

F-04